နေပြည်တော် ၉  စက်တင်ဘာ 


ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၈)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်  စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အကောင်းဆုံး တံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်သည်။


ရှေးဦးစွာ မျက်လှည့်ပြိုင်ပွဲ (အဖွဲ့လိုက်)၊ ခေတ်ပေါ်တီးဝိုင်းပြိုင်ပွဲ(အဖွဲ့လိုက်)၊ မြန်မာ့ဆိုင်းအတီးပြိုင်ပွဲ(အဖွဲ့လိုက်) ပထမဆု ရရှိကြသည့် စစ်သည်၊ စစ်သမီးများအား စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းကလည်းကောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု(နန်းတွင်း) ယိမ်းအကပြိုင်ပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်) ယိမ်းအကပြိုင်ပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (တိုင်းရင်းသားရိုးရာ)ယိမ်းအကပြိုင်ပွဲတို့တွင်  ပထမဆုရရှိသည့် စစ်သည်၊ စစ်သမီးများအား ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး က လည်းကောင်း၊ အငြိမ့်ပြိုင်ပွဲ(အဖွဲ့လိုက်)၊ ပြဇာတ်ပြိုင်ပွဲ (အဖွဲ့လိုက်) ပထမဆုရရှိကြသည့် စစ်သည်၊ စစ်သမီးများအား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။


ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၈)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် အကောင်းဆုံးတံခွန်စိုက် ဆုရရှိသည့် အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တံခွန်စိုက်ဆု ပေးအပ်ချီးမြှင့်သည်။


ထို့နောက် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများစုပေါင်း၍ သီဆိုတီးမှုတ် ကပြဖျော်ဖြေကြသည်။


ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများနှင့် အကဲဖြတ် အနုပညာရှင်ကြီးများအတွက် ချီးမြှင့်ငွေများပေးအပ်ပြီး သီဆိုတီးမှုတ် ကပြဖျော်ဖြေမှုများနှင့်ပတ်သက်၍ လိုအပ်ချက်များကို ဆွေးနွေးလမ်းညွှန်မှာကြားသည်။


မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲ ဒုတိယပိုင်းအား ဆက်လက်ကျင်းပပြုလုပ်ရာ ပြိုင်ပွဲအလိုက် အကောင်းဆုံးဆု၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများရရှိကြ သည့် စစ်သည်၊ စစ်သမီးများအား ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းညီ၊ ဒုတိယညွှန်ကြားရေးမှူး  ဗိုလ်မှူးကြီး ရဲရင့်အောင်၊ အကြံပေးပညာရှင်များ၊ အကဲဖြတ်ပညာရှင်များနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။


ယခုနှစ်ပြိုင်ပွဲတွင် ခေတ်ဟောင်းတေး၊ ကာလပေါ်တေး၊ ခေတ်ပေါ်တေး၊ အငြိမ့် ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ မြန်မာ့ဆိုင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု(စိတ်ကြိုက်) ယိမ်းအက၊ နှစ်ပါးသွားအက၊ ပြဇာတ်ပြိုင်ပွဲ၊ ခေတ်ပေါ်တီးဝိုင်း၊ မျက်လှည့်ပြိုင်ပွဲနှင့် တေးသီချင်း အရေးပြိုင်ပွဲ၊ စုစုပေါင်း ပြိုင်ပွဲအမျိုးအစား ၃၅ မျိုးအား ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီး စုစုပေါင်း ၃၁၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 


(သတင်းစဉ်)

 

MM1