နေပြည်တော် ၉ စက်တင်ဘာ 


ပင်လယ်ကြမ်းပြင်အရင်းအမြစ်များနှင့် အဏ္ဏဝါစီးပွားရေးဆိုင်ရာ အာဆီယံနှင့် ဘင်းမ်စတက်ဒေသတွင်း အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royalဟိုတယ်၌ကျင်းပသည်။ 


ဖွင့်ပွဲအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့ (International Seabed Authority)၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Michael Lodge တို့ကအဖွင့်အမှာစကား ပြောကြားကြသည်။


အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံများ၏တရားစီရင်ပိုင်ခွင့်ပြင်ပဧရိယာ (နိုင်ငံတကာ ရေပြင်) ရှိ ပင်လယ်ကြမ်းပြင်၌ သယံဇာတများရှာဖွေ တူးဖော်ရာတွင် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့၏ ဆောင်ရွက်ပိုင်ခွင့်နှင့် တာဝန်များ၊ သယံဇာတ ရှာဖွေတူးဖော်နိုင်ရေးအတွက် ကမကထပြုသည့် နိုင်ငံများနှင့် ရှာဖွေတူးဖော်သည့် အဖွဲ့ အစည်းများ၏ ဝတ္တရားများနှင့်ပတ်သက်၍ အာဆီယံနှင့် ဘင်းမ်စတက်နိုင်ငံများအား အသိပညာပေးရန်၊ ပြင်ပဧရိယာရှိ ပင်လယ်ကြမ်းပြင်ဆောင်ရွက်မှုများတွင် တိုးမြှင့်ပါဝင်ခြင်းဖြင့် အာဆီယံနှင့် ဘင်းမ်စတက်နိုင်ငံများအတွက် ရရှိလာနိုင်မည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်မှု အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။


အလုပ်ရုံ ဆွေးနွေးပွဲ ပထမနေ့တွင် ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ (The United Nations Convention on the Law of the Sea and 1994 Agreement) ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ်ကလည်းကောင်း၊ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်းအောက်မှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများအနေဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ဆောင်ရွက်နေမှု လုပ်ငန်းများ (Other institutions operating or created under the framework of the Convention in South Asia and South East Asia) ကို Mr. Michael Lodge ကလည်းကောင်း၊ အာဆီယံနှင့် ဘင်းမ်စတက်နိုင်ငံများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အဏ္ဏဝါစီးပွားရေးကို ပံ့ပိုးပေးနိုင်ရေးအတွက် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ (Increased regional international cooperation in support of the sustainable development of ASEAN and BIMSTEC members’ Blue Economy) ကို မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသူရဦးက လည်းကောင်းသဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ကြပြီး မြန်မာနိုင်ငံရှိသက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံနှင့် ဘင်းမ်စတက်ဒေသတွင်း နိုင်ငံပေါင်း (၁၅)နိုင်ငံမှကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းနှင့် စပ်လျဉ်းသည့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများဖြစ်ကြသည့် International Seabed Authority (ISA), Commission on the Limits of the Continental Shelf (CLCS), Division for Ocean Affairs and the Law of the Sea (DOALOS) နှင့် Korea Maritime Institute (KMI) တို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။


အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို စက်တင်ဘာ ၁၀ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို အာဆီယံနှင့်ဘင်းမ်စတက် ဒေသတွင်း နိုင်ငံများတွင် ပထမဆုံးအကြိမ်အဖြစ်မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်း ပြင်အာဏာပိုင်အဖွဲ့နှင့် ပူးပေါင်း၍ Korea Maritime Institute ၏ ကူညီမှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ 


International Seabed Authority ကို ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေအာဏာတည်ပြီးနောက် ၁၉၉၄ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရုံးချုပ်ကို ဂျမေကာနိုင်ငံ၊ ကင်းစတန်မြို့တွင် အခြေစိုက်ဖွင့်လှစ်ထားသည်။ International Seabed Authority ကို နိုင်ငံများ၏ တရားစီရင်ပိုင် ခွင့်ဧရိယာပြင်ပရှိ အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်တွင်ရှိသည့် ဓာတ်သတ္ထုနှင့်သယံဇာတများ ရှာဖွေတူးဖော်ခြင်းများ အပေါ် စုစည်းခြင်း၊ ထိန်းညှိခြင်းနှင့် ထိန်းချုပ်ခြင်းများဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်း ထားခြင်းဖြစ်သည်။ 


(သတင်းစဉ်)