၁၀ စက်တင်ဘာ
လူကုန်ကူးခြင်းသည် ခေတ်သစ်ကျေးကျွန်ပြုခြင်းပင်ဖြစ်သည်။ လူကုန်ကူးခံရသူသည် လုပ်အားခေါင်းပုံဖြတ်ခံရခြင်းနှင့် လိင်အကြမ်းဖက်ခံရခြင်းများကို ခါးစည်းခံရလေ့ရှိသည်။ အမျိုးသမီးများနှင့် ကလေးငယ်များသည် အများဆုံးလူကုန်ကူး ခံရလေ့ရှိသည်။ အမျိုးသမီးများသည် လိင်ကျေးကျွန်အဖြစ် ရောင်းချခံကြရပြီး ကလေးငယ်များသည် လိင်အကြမ်းဖက်မှုနှင့် လုပ်အားခေါင်းပုံဖြတ်မှုခံကြရသည်။ လူကုန်ကူးခံရသူများ သည် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ဖြတ်တောက်ထုတ်ယူခံရသည့် အသက်အန္တရာယ်နှင့်လည်း ကြုံတွေ့ရတတ်ပါသည်။ လက်ရှိအချိန်တွင် လူကုန်ကူးမှုသည် တရားမဝင်မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုပြီးလျှင် တတိယမြောက်အများဆုံး ရာဇဝတ်မှုပင်ဖြစ်သည်။ နှစ်စဉ် လူကုန်ကူးခံရသူ သန်း ၂၀ ခန့်ရှိပြီး ထိုလုပ်ငန်းမှ တရားမဝင်အကျိုးအမြတ် အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံခန့် ရရှိနေသည်ဟု ဆိုသည်။ ထို့ကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရာတွင် အခက်အခဲကြုံတွေ့နေရခြင်း ဖြစ်သည်။
လူကုန်ကူးမှုဆိုသည်မှာ
လူကုန်ကူးမှုဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းအလို့ငှာ လူများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊ သို့မဟုတ် လက်ခံခြင်းကို ဆိုလိုပါသည်။ ထိုသို့ လူကုန်ကူးရန် ပြုလုပ်မှုတစ်ရပ်ရပ်ပြုလုပ်ရာတွင် ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း၊ သွေးဆောင်ခေါ်ယူခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ သို့မဟုတ် ဘဝရပ်တည်ရန် ခက်ခဲနေသောအခြေအနေကို အလွဲသုံးစားပြုခြင်း၊ တစ်ဦးတစ်ယောက်အပေါ် ချုပ်ကိုင်နိုင်သောသူ၏ သဘောတူညီချက်ရရှိရန် ငွေကြေး၊ သို့မဟုတ် အကျိုးအမြတ်ပေးခြင်း၊ သို့မဟုတ် လက်ခံရယူခြင်းတို့ ပါဝင်သည်။ ထို့အပြင် လူပုဂ္ဂိုလ်တစ်ဦးသည် အခြားသူတစ်ဦး တစ်ယောက်အား ပြည့်တန်ဆာပြုခြင်း၊ ကျေးကျွန်ကဲ့သို့ ခိုင်းစေခြင်း၊ ကြွေးမြီနှင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ သူတစ်ပါး ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားထုတ်ယူခြင်း၊ ရောင်းချခြင်းတို့ကိုပြုရာမှ ငွေကြေး၊ အကျိုးအမြတ်လက်ခံရယူခြင်း သို့မဟုတ် လက်ခံရန်သဘောတူခြင်းများသည်လည်း လူကုန်ကူးမှုကျူးလွန်သည့် လုပ်ရပ်များပင်ဖြစ်သည်။
လူကုန်ကူးခံရသည့်အကြောင်းတရားများ
လူကုန်ကူးခံရသူများသည် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှု၊ အလွန်အကျွံဆင်းရဲမှု၊ အသိပညာဗဟုသုတနည်းပါးမှု၊ အိမ်တွင်းအကြမ်းဖက်ခံရမှုနှင့် သူငယ်ချင်းများ၊ ဆွေမျိုးများ စသည်တို့က နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်ပါက ဝင်ငွေကောင်းကောင်းရမည်ဖြစ်ကြောင်း ပြောဆိုမှုများကို ယုံကြည်ကာ သွားရောက်ကြသဖြင့် လူကုန်ကူးသည့်မုဆိုးများ၏ ပစ်ကွင်းသို့ သက်ဆင်းသွားကြရသည်။ အချို့သောသူများသည် အားနာတတ်မှု၊ ရိုးသားမှု၊ မသိနားမလည်မှု၊ နိုင်ငံခြားကို အထင်ကြီးမှုတို့ကြောင့် သားကောင်ဘဝ သက်ဆင်းကာ တစ်ဖက်နိုင်ငံတွင် အခိုင်းအစေအဖြစ် ရောင်းချခြင်းခံကြရသည်။ သဘောမတူသူနှင့်ပေးစားကာ လက်ထပ်ထိမ်းမြားပေးခြင်း၊ အဓမ္မအလုပ်စေခိုင်းခံရခြင်း၊ ပြည့်တန်ဆာအလုပ်စေခိုင်းခံရခြင်းတို့ကို ခံကြရသည်။ ထို့အပြင် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်လိုသူများအပေါ် အကျိုးအမြတ်ရယူလိုသူများ၊ ခေါင်းပုံ ဖြတ်လိုသူများကြောင့် လူမှောင်ခိုမှု၊ လူကုန်ကူးမှုများ ဖြစ်ပေါ် လာရသည်။ တရားမဝင်ရွှေ့ပြောင်းသွားလာမှု၏ ဘဝနိဂုံးသည် လူကုန်ကူးခံရခြင်းပင်ဖြစ်သည်။
လူကုန်ကူးသူများသည် အမျိုးသမီးများနှင့် ကလေးငယ် များအပါအဝင် လူသားများကို မက်လုံးပေး စည်းရုံးသိမ်းသွင်း ရောင်းချလေ့ရှိကြသည်။ လူကုန်ကူးမှုများသည် တစ်စတစ်စ ကြီးထွားလာသော နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများပင်ဖြစ် သည်။ နိုင်ငံတကာအဖွဲ့အစည်းများကလည်း လူကုန်ကူးသူများကို လူ့အခွင့်အရေးချိုးဖောက်သူများအဖြစ် ပြစ်တင် ရှုတ်ချထားလျက်ရှိသည်။ သို့သော် လူ့အသိုက်အဝန်းကို ခြိမ်းခြောက်နေဆဲပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတည်း အတွင်း၌ပင်လျှင် လူကုန်ကူးမှုများ တွေ့ရသည်။ ဆင်းရဲတွင်းနက်နေသူများ၊ ကလေးငယ်များ၊ အမျိုးသမီးငယ်များသည် လူကုန်ကူးသူများ၏ ပစ်မှတ်ဖြစ်လေ့ရှိကြသည်။ လူကုန်ကူးသူများသည် အမျိုးသမီးငယ်များကို လိင်ကျွန်ပြုရန် လည်းကောင်း၊ အရွယ်ရောက်သူ အမျိုးသားများကို လုပ်အားခေါင်းပုံဖြတ်ရန် လည်းကောင်း၊ ကလေးငယ်များကို ကိုယ်လက်အင်္ဂါဖြတ်တောက်ရောင်းချရန် လည်းကောင်း မက်လုံးပေးဆွဲဆောင်စည်းရုံးရောင်းချလေ့ရှိကြသည်။
လူကုန်ကူးခံရသူများ
လူကုန်ကူးခံရသူတစ်ဦးအား လိင်ဖျော်ဖြေရေးအတွက် ခေါင်းပုံဖြတ်စေခိုင်းခြင်းကို လိင်ကုန်ကူးခြင်းဟု ခေါ်ဆိုသည်။ ကလေးငယ်များကို လိင်ကျွန်ပြုခြင်းအပါအဝင် ပြည့်တန်ဆာလုပ်ခိုင်းခြင်းဖြင့် လိင်ကုန်ကူးသူများက အမြတ်ထုတ်လေ့ ရှိကြသည်။ လိင်ကုန်ကူးမှုသည် ကမ္ဘာတစ်ဝန်းတွင် လျင်မြန်စွာ ကြီးထွားလာသော ရာဇဝတ်မှုလုပ်ငန်းတစ်မျိုး ဖြစ်နေသည်။ နိုင်ငံတကာအလုပ်သမားအဖွဲ့၏အဆိုအရ လူ ၂၀ ဒသမ ၉ သန်းသည် အဓမ္မအလုပ်စေခိုင်းခြင်းခံနေရပြီး ၎င်းတို့အနက် ၂၂ ရာခိုင်နှုန်းနှင့် ညီမျှသော လူ ၄ ဒသမ ၅ သန်းသည် လိင်ကျွန်ပြုခံနေရသည်။ လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံး၌ လူကုန်ကူးခံရသူ ၄၀ ဒသမ ၃ သန်းခန့်သည် လုပ်အားခမရဘဲ ကျွန်ပြုခံနေကြရသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူကုန်ကူးခံရသူများသည် ခြိမ်းခြောက်ခံရခြင်း၊ အကြမ်းဖက်ခံရခြင်းတို့ကြောင့် အနည်းငယ်သော လုပ်အားခ၊ သို့မဟုတ် လုပ်အားခ လုံးဝမရဘဲ အလုပ်လုပ်နေကြရသည်။ နေရာတိုင်းတွင် တရားမဝင် ကျွန်ပြုနေခြင်းဖြစ်သည်။ ဆိုရလျှင် လူကုန်ကူးခံရသူများသည် ခေတ်သစ်ကျေးကျွန်များပင်ဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲမွဲတေမှုမြင့်မားခြင်း၊ ကျောင်းနေရန် အခွင့်အလမ်း မရှိခြင်းတို့ကြောင့် ကလေးအလုပ်သမားများ မြင့်မားနေဆဲ၊ ရှိနေဆဲပင်ဖြစ်သည်။ လူကုန်ကူးသူများသည် ကလေးများကို မက်လုံးပေးဆွဲဆောင်ကာ လုပ်ငန်းခွင်များသို့ ပြန်လည်ရောင်းချ လေ့ရှိကြသည်။
လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းတို့ ကာကွယ်
လူကုန်ကူးမှုပြဿနာသည် နိုင်ငံတစ်နိုင်ငံရှိ အစိုးရတစ်ရပ်တည်း ဖြေရှင်းလို့မရသည့် ရာဇဝတ်မှုမျိုးဖြစ်သည်။ ကမ္ဘာ့နိုင်ငံအားလုံး ပေါင်းစပ်ချိတ်ဆက်ဆောင်ရွက်မှသာ ထိုရာဇဝတ်မှု လျော့နည်းကျဆင်းလာနိုင်သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအကြား ပေါင်းစပ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်အဆင့် တာဝန်ရှိသူများ ပေါင်းစပ်ဆောင်ရွက်ခြင်း၊ စွမ်းဆောင်ရည် တည်ဆောက်ခြင်း၊ ပြည်သူများအား ဗဟုသုတမျှဝေခြင်း၊ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပေးခြင်း၊ လူကုန်ကူးခံရသူများအား အပြည့်အဝ ကာကွယ်စောင့်ရှောက်ခြင်း၊ ပြည်သူများအကြား လူကုန်ကူးသူများအား ပူးပေါင်းဆန့်ကျင်တိုက်ဖျက်ရေး စိတ်ဓာတ်ကိန်းအောင်းလာအောင် ဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်သွားရန် လိုအပ်သည်။
သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် လူကုန်ကူးသူများအား ဖမ်းဆီးရမိလျှင် ထိထိရောက်ရောက်အရေးယူပြီး ပြင်းထန်သော ပြစ်ဒဏ်များချမှတ်သင့်ပါသည်။ လူကုန်ကူး သည့် တရားခံများကို ပြစ်ဒဏ်ချမှတ်ရာတွင် ပြည်သူလူထုသိအောင် သတင်းမီဒီယာများမှ ကျယ်ပြန့်စွာ ထုတ်ပြန်သင့်သည်။ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင်လည်း သက်ငယ်မုဒိမ်းမှုကျူးလွန်သူများ၊ လူကုန်ကူးသူများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ချန်လှပ်ထားသင့်သည်။ ထိုရာဇဝတ်သားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်မည်ဆိုလျှင် အလားတူ ပြစ်မှုများကို အကြိမ်ကြိမ်ကျူးလွန်နေမည်သာ ဖြစ်သည်။ မိဘအုပ်ထိန်းသူများအနေဖြင့် အရွယ်မရောက်သေးသည့် ကျောင်းသားလူငယ်များ၊ အထူးသဖြင့် သမီးမိန်းကလေးများကို ယခင်ကထက် ပိုမိုဂရုစိုက်သင့်သည်။ လူကုန်ကူးသူများသည် လူငယ်များကို အသွင်မျိုးစုံဖြင့် စည်းရုံးသိမ်းသွင်းလျက်ရှိကြသည်။ ထို့ကြောင့် ကလေးငယ်များ၏ ပတ်ဝန်းကျင်တွင် လူစိမ်းများတွေ့နေပြီဆိုလျှင် မေးမြန်း စုံစမ်းသင့်သည်။ သက်ဆိုင်ရာသို့ သတင်းပို့သင့်သည်။ ကျောင်း၊ ကျူရှင် သွားသည့်ကလေးများ သတ်မှတ်ချိန်အတွင်း ပြန်မရောက်လျှင် ချက်ချင်း ရှာဖွေသွားသင့်သည်။ တတ်နိုင်ပါက မိဘ၊ အုပ်ထိန်းသူများ ကိုယ်တိုင် အကြို၊ အပို့ လုပ်သင့်သည်။
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့
မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို ၂၀ဝ၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး နှစ်စဉ် စက်တင်ဘာလ ၁၃ ရက်ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ပထမဆုံးလုပ်ငန်းသည် ပြည့်တန်ဆာလုပ်ငန်းများကို တားမြစ်သွားရေးပင်ဖြစ်သည်။ လူကုန်ကူးမှုသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်လျက် ရှိသောကြောင့် အစိုးရများနှင့် အစိုးရမဟုတ်သောအဖွဲ့ အစည်းများသည် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်သည်။ လူကုန်ကူးမှုဖြစ်ပွားရခြင်း အကြောင်းတရားများကို ကျိုးကြောင်း ဆီလျော်စွာ စီမံဆောင်ရွက်သွားမည်ဆိုလျှင် လူကုန်ကူးမှုများ ကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဖြစ်သည်။ မည်သို့ဆိုစေ လူကုန်ကူးမှုသည် နေ့ချင်းညချင်း တိုက်ဖျက်နိုင်မည် မဟုတ်သောကြောင့် နိုင်ငံသားအားလုံး ပူးပေါင်း ဆောင်ရွက်မှသာလျှင် အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဟု ယုံကြည်မိပါတော့သည်။
မောင်သောင်းဝင်း(တမန်ဟောင်း)