ဘုတလင် ၁၀ စက်တင်ဘာ
    

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် ဘုတလင်မြို့နယ်၊ ဆည်ဝကျေးရွာအဝင်ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ 
    

အဆိုပါတံတား တည်ဆောက်ပြီးစီးမှု အခြေအနေအား ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်မျိုးထွေးနှင့် အဖွဲ့ဝင်များက စက်တင်ဘာ ၉ ရက် ညနေပိုင်းက ကြည့်ရှုစစ်ဆေးရာ ဘုတလင်မြို့နယ်ဦးစီးမှူး ဒေါ်သဇင်အောင်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ခဲ့မှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။
    

ဆည်ဝကျေးရွာအဝင် သံကူကွန်ကရစ်တံတားသည် အရှည်ပေ ၇၀၊ အကျယ်ပေ ၂၀ ရှိကာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁၆ သန်းဖြင့် Real Exact ကုမ္ပဏီက တာဝန်ယူတည်ဆောက် ခဲ့ပြီး  ဘုတလင်-မောင်းထောင်-ကူတော်ကားလမ်း၏ အဓိကတံတား ဖြစ်ကြောင်း သိရသည်။ 

မြို့နယ်ပြန်/ဆက်(ဘုတလင်)