ဖာပွန် ၁၀  စက်တင်ဘာ    


ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးများအား တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်ပွဲကို စက်တင်ဘာလ ၉ ရက်နေ့ နံနက် (၁၀)နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယွန်းစလင်းခန်းမ၌ ကျင်းပသည်။


အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ဖာပွန်မြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား  ထောက်ပံ့ပေးရခြင်းရည်ရွယ်ချက်နှင့် အားပေးစကား ပြောကြားသည်။


ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးမှ ဖာပွန်မြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် ၃၅၀၊ ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးငယ် ၃၂၁ ဦး စုစုပေါင်း ၆၇၁ ဦးတို့အတွက် တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေကျပ် ၂၉၄၃၁၀ဝဝ ကို ဖာပွန်ခရိုင် အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့ပြီး ပြည်နယ်လူမှုရေးဝန်ကြီးက ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။


ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမနှင့် ကူးဆိပ်ကျေးရွာ အထက(ခွဲ)ကျောင်း၌ ကျင်းပသည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် ကရင်ပြည်နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ယှဉ်လျှင် ဖာပွန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှာ အနိမ့်ဆုံးအဆင့်တွင် ရောက်ရှိနေကြောင်း၊ ယခုပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူ ၁၀ဝ ရာခိုင်နှုန်းတွင် ၄၀ ရာခိုင်နှုန်းခန့် မဖြစ်မနေအောင်ရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီးက ကျောင်းသား/သူများ အနေဖြင့် ညစာဖတ်ဝိုင်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်နှင့် အောင်ချက်မြင့်မားရေးအတွက် ကျောင်းတစ်ကျောင်းလျှင် ဆိုလာပစ္စည်း (၂)စုံနှင့် စက်သုံးဆီအတွက် ထောက်ပံ့ငွေကျပ် ၃၇၀ဝ၀ဝ ကို ပေးအပ်လှူဒါန်းခဲ့ရာ အဆိုပါကျောင်းများရှိ ကျောင်းအုပ်ဆရာကြီးများက လက်ခံရယူခဲ့ကြောင်း သိရသည်။


မျိုးဆက်သစ်(ဘားအံ)