မြောင်းမြ ၁၀ စက်တင်ဘာ
ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ တိုးတက်စေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင် လည်ပတ်ရန်ပုံငွေများ ဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သဘောတရားနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ကို မုဆိုးကွင်းကျေးရွာအုပ်စု ၊ မြို့ဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
"ကျေးလက်နေ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ပြီး မြစိမ်းရောင် စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်၊ မြစိမ်းရောင် စီမံကိန်းကျေးရွာက ကော်မတီဝင်တွေကို သုံးနှစ် တစ်ကြိမ် ပြန်လည်ရွေးချယ်ပြီး သဘောတရားနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ် ပို့ချပေးခြင်း ဖြစ်ပါတယ်" ဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးနေလင်းစိုးက ပြောကြားသည်။
အဆိုပါ ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ ကျေးလက်ဒေသ ခရိုင်ဦးစီးမှူး ဦးသင်းဦးတို့ တက်ရောက် အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း ကော်မတီဝင်များ၊ မြစိမ်းရောင် စီမံကိန်းကျေးရွာအုပ်စု (၁၁၆) ရွာမှ ကော်မတီအဖွဲ့ဝင် (၁၃၆)ဦးတို့ တက်ရောက်ကြပြီး ကျေးလက်ဒေသဦးစီးဌာန ဒုဦးစီးမှူးများက စက်တင်ဘာ (၉)ရက်နှင့် (၁၀)ရက်အထိ ၂ ရက်ကြာ သဘောတရားနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
မြောင်းမြမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်းများချမှတ်ကာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကျေးလက်မီးလင်းရေး၊ ကျေးရွာကုန်ထုတ်လုပ်ငန်း၊ အသေးစား ရောင်းဝယ်ရေး နှင့် အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ဆောင်ရွက်လျှက်ရှိပြီး ယခု၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း (၁၁၆)ရွာ၊ ယူနစ်ပေါင်း (၈၇)ယူနစ်ကို တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာကော်မတီသို့ ထုတ်ချေးထားပြီးဖြစ်ကာ မြစိမ်းရောင် လှည့်ပတ် ရန်ပုံငွေဖြင့် ကျေးရွာပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစု ဝင်ငွေ တိုးပွားလျှက်ရှိကြောင်း သိရသည်။
"ယခင်က လက်လှော်လှေဘဝနဲ့ ငါးရှာ ဖားရှာဘဝကနေ ယခုအခါမှာ ပဲ့ချိတ်လှေများနဲ့ ဆောင်ရွက်လာနိုင်ပါပြီ၊ မုန့်မျိုးစုံ ရောင်းဝယ်တဲ့ ဆိုင်ကလေးကနေ ကုန်စုံဆိုင်များအဖြစ် ပြောင်းလဲတိုးတက်လာခဲ့ပါပြီ" ဟု ပျဉ်းမချောင်းကျေးရွာမှ မြစိမ်းရောင်ကော်မတီဥက္ကဌ ဦးကျော်ဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းကြောင့် ကျေးလက်နေပြည်သူများ လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်လာမှုကို ဝမ်းသာအားရ ပြောပြခဲ့သည်။
အောင်မင်း(မြောင်းမြ)


