ပင်လည်ဘူး ၁၀ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ စီးပွားရေး အဆင်ပြေပြီး လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန် အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ကျေးရွာ ၈ ရွာတွင် မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရာ အဆိုပါကျေးရွာများတွင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူများ အဆင်ပြေကြောင်း မွေးမြူရေးလုပ်ကိုင် ဆောင်ရွက်သူများထံမှ သိရသည်။
“ကျွန်တော်တို့ရွာမှာ အိမ်ခြေ ၁၀ဝ ကျော်ရှိပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင် ဆောင်ရွက်ကြပါတယ်၊ ကျွန်တော်တို့ရွာမှာ မြစိမ်းရောင်စီမံကိန်းပေါ်လာတော့ မွေးမြူရေးအတွက် မြစိမ်းရောင်ချေးငွေ ငွေကျပ် သိန်း ၃၀ ကျပ်ချေးပြီး ရွာမှာ ဝက်အကောင် ၂၀ မွေးမြူထားပါတယ်။ ကျွန်တော်တို့ရွာမှာ မြစိမ်းရောင်ချေးငွေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်ရောင်းဝယ်ရေးနဲ့ အခြားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သူ ၅၀ ကျော်ရှိပါတယ်။ ရွာမှာ မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေနဲ့ ဝက်မွေးသူတွေ အဆင်ပြေနေပါတယ်” ဟု သရက်ကုန်းကျေးရွာမှ ဝက်မွေးမြူသူ တစ်ဦးက ပြောသည်။
ပင်လည်ဘူးမြို့နယ်တွင် မြစိမ်းရောင်ချေးငွေများကို ၂၀၁၄-၂၀၁၅ခုနှစ်မှ စတင်ပြီးသဲချောင်းကျေးရွာ၊ ချောင်းဖျားကျေးရွာ နှင့် တုံးဖလားကျေးတို့တွင် တစ်ရွာလျင် ငွေကျပ် သိန်း ၁၀ဝ ဖြင့် ကျေးရွာ ၃ ရွာအတွက် ငွေကျပ်သိန်း ၃၀ဝ ကျပ် စတင်ထုတ်ချေးအကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယအကြိမ် မြစိမ်းရောင်ချေးငွေများကို ၂၀၁၈-၂၀၁၉ ခုနှစ်တွင် သင်္ဘောတာကျေးရွာ၊ ဘန့်ဘွေးကုန်းကျေးရွာ၊ သစ်ဖြူကျင်းကျေးရွာ၊ ကင်းပန်းကျေးရွာနှင့်သရက်ကုန်းကျေးရွာတို့တွင် တစ်ရွာလျင်ငွေကျပ် သိန်း ၃၀ဝ ဖြင့် ကျေးရွာ ၅ ရွာအတွက် ငွေကျပ် သိန်း ၁၅၀ဝ ကျပ် ထုတ်ချေးပေးပြီး ပင်လည်ဘူးမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း ချေးငွေများဖြင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူ ဦးရေ ၅၀ဝ ကျော်ရှိကြောင်း သိရသည်။
အဆိုပါချေးငွေများဖြင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူ ဦးရေ ၄၀ဝ ကျော်ရှိပြီး မြစိမ်းရောင်ချေးငွေများဖြင့် ချောင်းဖျား ကျေးရွာတွင် ကျွဲ ၄၂ ကောင်၊ ဝက် ၁၆ ကောင်၊ သဲချောင်းကျွေးရွာတွင် ကျွဲ ၂၄ ကောင်၊ နွား ၄ကောင်၊ ဝက် ၁၆ ကောင်၊ တုံးဖလားကျေးရွာတွင် ကျွဲ ၁၅ ကောင်၊ နွား ၇ ကောင်၊ ဝက် ၁၀ ကောင်၊ ဘန့်ဘွေးကုန်းကျေးရွာတွင် ကျွဲ ၇ ကောင်၊ နွား ၅၀ ကောင်၊ ဝက် ၅၇ ကောင်၊ ကင်းပန်းကျေးရွာတွင် ကျွဲ ၂ ကောင်၊ နွား ၆ ကောင်၊ ဝက် ၂၂၂ ကောင်၊ သရက်ကုန်းကျေးရွာတွင် ကျွဲ ၄ကောင်၊ နွား ၂ ကောင်၊ ဝက် ၈၅ ကောင်၊ သင်္ဘောတာကျေးရွာတွင် နွား ၂၁ ကောင်၊ ဝက် ၂၉ကောင်၊ သစ်ဖြူကျင်းကျေးရွာတွင် ကျွဲ ၄၂ ကောင်၊ နွား ၂၃ ကောင်၊ ဝက် ၂၈ ကောင် စုစုပေါင်း ကျွဲ ၁၁၉ ကောင်၊ နွား ၁၁၃ ကောင်၊ ဝက် ၄၆၃ ကောင် မွေးမြူဆောင်ရွက်ထားကြပြီး ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ ၃ ဦးရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်းမှတ်တမ်းများအရ သိရှိရသည်။
မျိုးလွင်(ပင်လည်ဘူး)


