ကျောက်ကြီး   ၁၀    စက်တင်ဘာ 

  
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အကြိမ် (၁၃၁)မြောက် ရှင်ဥပဂုတ္တမီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့လယ်တံတားမုခ်ဦး၌  ကျင်းပခဲ့သည်။


ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်သံဃာဝန်ဆောင်ဥက္ကဌ ဆရာတော်ဘဒ္ဒန္တစန္ဒိမာ၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်စိုးမင်း ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ နယ်မြေခံ ခလရ(၆၀)တပ်ရင်း တပ်ရင်းမှူး ဘုန်းနိုင်ကျော်၊ ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဌ ဦးလှဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
  


အကြိမ်(၁၃၁)ကြိမ်မြောက် ရှင်ဥပဂုတ္တမီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ပွဲတော်ကျင်းပရေးကော်မတီ(၇)ခုဖွဲ့၍ ပွဲတော်အား စက်တင်ဘာ (၆)ရက် မှ (၁၄)ရက်နေ့အထိ (၉)ရက် တိုင်တိုင်ကျင်းပသွားမည် ဖြစ်သည်။
  

အဆိုပါ ပွဲတော်သည် ကျောက်ကြီးမြို့နယ်၏ အစဉ်အလာကြီးမားသော ပွဲတော်ကြီးဖြစ်သည့်အပြင် တောင်သူလယ်သမားများ၏ ထွန်တုံးပိတ်ပွဲ အမွှမ်းတင်သည့် မြန်မာရိုးရာလှေလှော်ပြိုင်ပွဲကြီးကို အမျိုးသား(၅)တက်၊ အမျိုးသမီး(၇)တက်ဖြင့် လှေအသင်း(၆၀)ကျော် မြို့လယ်ချောင်းအတွင်း  ယှဉ်ပြိုင်မည်ဖြစ်ကာ အမျိုးသား ချောတိုင်တက်ပွဲ၊ အမျိုးသမီးတက်ခုတ်ယိမ်းအကအလှများ၊ မြို့နယ် အားကစားကွင်း၌ ဘောလုံးအသင်း (၂၈)ပါဝင်ယှဉ်ပြိုင်ပွဲများနှင့် ညပိုင်း ရှင်ဥပဂုတ္တရဟန္တာမြတ်အား မီးမျှောပူဇော်ကြပြီး ကုန်းပိုင်းဖျော်ဖြေမှုအနေနှင့် ဆပ်ကပ်ပဒေသာ နှင့် စတိတ်ရှိုးဖျော်ဖြေမှု့များထည့်သွင်းထားကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှသိရသည်။

  
ကိုသားကြီး(ကျောက်ကြီး)