ယင်းမာပင်   ၁၀ စက်တင်ဘာ      


စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်တွင် လူဦးရေစာရင်းကောက်ယူပြုစုခြင်းနှင့် အခြေခံမဲစာရင်း ပြုစုခြင်းလုပ်ငန်း အချိန်မီပြီးစီးနိုင်ရေး တိုးတက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၀ ရက်နေ့က ယင်းမာပင်ခရိုင် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

အခမ်းအနားတွင် ယင်းမာပင်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ကျော်လွင်က အဖွင့်အမှာစကား ပြေားကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထီက လူဦးရေစာရင်း ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲစာရင်းပြုစုခြင်းလုပ်ငန်းကို သက်ဆိုင်ရာမြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲများ အနေဖြင့် အချိန်မီပြီးစီးနိုင်ရေးကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ရှင်းလင်းပြောကြားသည်။
    

ထိုနောက် ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီမြို့နယ်နှင့် ပုလဲမြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက ၎င်းတို့မြို့နယ်များအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးကြပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးသည်။ ယင်းဆွေးနွေးတင်ပြမှုများအပေါ်  ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
    

ယင်းမာပင်ခရိုင်တွင် လူဦးရေစာရင်းကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်းကို ယနေ့အထိ အခြေခံမဲဆန္ဒရှင်စာရင်းစိစစ်ဖြည့်သွင်းပြီးစီးမှုမှာ ၇၇ဒသမ ၃၇ ရာခိုင်နှုန်းရှိပြီး စက်တင်ဘာလ ကုန်တွင် အပြီးရေးသွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
                                        

သန်းဌေးအောင်(ကနီ)