မိုးညှင်း ၁၀ စက်တင်ဘာ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း ၂၀၁၉-၂၀၂၀ မိုးစပါးစိုက်ပျိုးရာသီ စပါးစိုက်ဧက ၂၁၉၈၂၆ တွင် အထွက်ကောင်းမျိုးဖြစ်သည့် ဆင်းဧကရီ-၃ စပါးမျိုးကို အများဆုံးစိုက်ပျိုးထားရှိကြောင်း ခရိုင်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဩဂုတ်လကုန်အထိ ကောက်ယူရရှိသည့် စာရင်းဇယားများအရ သိရသည်။
တစ်ခရိုင်လုံးအတိုင်းအတာအရ အထွက်ကောင်းမျိုးဖြစ်သည့် ဆင်းဧကရီ-၃ စပါးစိုက်ဧက ၁၇၈၀၃၇ ဧက စိုက်ပျိုးထားရှိပြီး အထူးအထွက်တိုးမျိုးဖြစ်သည့် ပုလဲသွယ်စပါးစိုက်ဧက ၁၂၀ ဧက၊ အထွက်ကောင်းမျိုးစပါးဖြစ်သည့် ဧည့်မထစိုက်ဧက ၁၁၆၈ ဧက၊ ဧည့်မထ (အခြား) ၃၁၅၃၅ ဧက၊ ကောက်ညှင်းစိုက်ဧက ၆၄၃၅ ဧက၊ ယာစပါးစိုက်ဧက ၁၈၈၄ ဧကနှင့် တောင်ယာစပါးစိုက်ဧက ၆၄၇ ဧက စိုက်ပျိုးထားရှိသည်။
ဆင်းဧကရီ-၃ စပါးမျိုး၏ မူရင်းစိုက်ပျိုးသည့်နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင် ၁၉၈၇ ခုနှစ်တွင် မျိုးအဖြစ် ထုတ်ဝေခဲ့သည်။ ဆင်းဧကရီ-၃ စပါးမျိုးသည် မိုးညှင်းခရိုင်ရှိ ရာသီဥတုနှင့် ကိုက်ညီမှုရှိသည့်အပြင် စိုက်ပျိုးထုတ်လုပ်သူ၊ စားသုံးသူ၊ ဖြန့်ဖြူးရောင်းချသူများ ကြိုက်နှစ်သက်ပြီး အရည်အသွေးကောင်း၍ စပါးအထွက်နှုန်း မြင့်မားသည့်အတွက် ပို၍စိုက်ပျိုးကြကြောင်း မိုးညှင်းစိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ သုတေသနအရာရှိ ဦးမြင့်သောင်းထံမှ သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


