ရန်ကုန် ၁၀ စက်တင်ဘာ
မြို့မကျောင်း ရာပြည့်သဘင်အကြိုအဖြစ် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့် စာပေဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ဒဂုံမြို့နယ် သံတမန်လမ်းရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း (မြို့မ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စာပေဟောပြောပွဲတွင် မြို့မအမျိုးသားကျောင်း၌ ပညာသင်ကြားခဲ့သည့် ကျောင်းသားဟောင်း စာရေးဆရာများဖြစ်ကြသည့် ဆရာညိုထွေး၊ ဆရာမ မစန္ဒာနှင့် ဆရာမောင်ဆွေသက်တို့က ဟောပြောကြသည်။
ဆရာမ မစန္ဒာက “မြို့မကျောင်းက ၁၉၂၀ ကျောင်းသား သပိတ်ကြီးနဲ့အတူ ပေါ်ပေါက်ခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။ ဒီလို အစဉ်အလာကြီးတဲ့ကျောင်းကြီးမှာ တိုင်းပြည်ချစ်စိတ် ထက်သန်တဲ့ ဆရာကြီးတွေ ဆရာမကြီးတွေ အုပ်ချုပ်ခဲ့တဲ့ ကျောင်းမို့လို့ ကျွန်မ ဒီကျောင်းအပေါ် အင်မတန်ဂုဏ်ယူပါတယ်။ ဒီကျောင်းမှာ ပထမတန်းကနေ ဆယ်တန်းအထိ နေခဲ့ပါတယ်။ ကျွန်မနေခဲ့တဲ့အချိန်မှာ ဆရာ၊ ဆရာမတွေက ကျောင်းစာတင်မကဘူး၊ ဘက်စုံယဉ်ကျေးမှု၊ ပေါင်းသင်းဆက်ဆံရေး အကုန်လုံးကို ဝါယမစိုက်ပြီး သင်ကြားပေးခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့တွေ အောင်မြင်ခဲ့ကြတာကို ကျောင်းသား ကျောင်းသူတွေ အားကျအောင် ပြောပြပေးခဲ့ပါတယ် ” ဟု ပြောသည်။
ယနေ့ကျင်းပသည့် စာပေဟောပြောပွဲကို မျိုးဆက်ဟောင်းမှ မျိုးဆက်သစ်သို့ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး လက်ဆင့်ကမ်း အမွေအဖြစ် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်သူများ ပေါ်ထွန်းလာစေရေးအတွက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ကျရောက်မည့် မြို့မကျောင်းရာပြည့်သဘင်ပွဲ ဆင်နွှဲနိုင်ရန် အကြိုပြင်ဆင်လှုပ်ရှားမှု တစ်ရပ်အဖြစ် “မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။
စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့သည့် မြို့မကျောင်းသားဟောင်း စာရေးဆရာမောင်မိုးယံက “ကျွန်တော်က မြို့မကျောင်းသားဟောင်း ဖြစ်ပါတယ်။ ဒီနေ့စာပေဟောပြောပွဲမှာ မြို့မကျောင်းက စာပေသင်ကြားခဲ့တဲ့ ကျောင်းသားဟောင်းကြီးတွေဖြစ်တဲ့ စာရေးဆရာကြီး၊ ဆရာမကြီးတွေက သူတို့ကျောင်းမှာနေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေ သူတို့ဘဝရပ်တည်မှုတွေ၊ သူတို့ကို ပညာသင်ကြားပေးခဲ့ကြတဲ့ ဆရာကြီး၊ ဆရာမကြီးများရဲ့ ဆုံးမသြဝါဒတွေကို လက်ရှိကျောင်းမှာ ပညာသင်ကြားနေတဲ့ မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူတွေကို လက်ဆင့်ကမ်း အမွေပေးတဲ့ ရည်ရွယ်ချက်နဲ့ စာပေဟောပြောပွဲ ကျင်းပခြင်းဖြစ်ပါတယ်’’ ဟု ပြောသည်။
ယနေ့ဟောပြောပွဲသို့ မြို့မကျောင်းသားဟောင်း ရာပြည့်ပွဲကျင်းပရေးကော်မတီဝင်များ၊ ကျောင်းသားဟောင်းများ၊ အထက(၃)ဒဂုံ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
မြို့မကျောင်းသည် ၁၉၂၀ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် အမျိုးသားပညာရေး သပိတ်နှင့်အတူ စတင်ပေါ်ပေါက်လာသည်။ ၁၉၂၀ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ဗဟန်းကြားတောရလမ်းရှိ ဦးအရိယကျောင်းတွင် ကျောင်းသားများ စတင်သပိတ်မှောက်ရာမှ အမျိုးသားကျောင်းများ ပေါ်ထွန်းလာခဲ့ရာ ဒဂုံမြို့နယ်ရှိ အထက(၂) ဒဂုံ မြို့မ အမျိုးသားကျောင်းနှင့် အထက(၃)ဒဂုံ မြို့မ အမျိုးသမီးကျောင်းများလည်း အပါအဝင်ဖြစ်သည်။
(သတင်းနှင့်ဓာတ်ပုံ/မင်းသစ်-MNA)


