နေပြည်တော် ၁၀ စက်တင်ဘာ 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာဦးစံရွှေဝင်း၏ မြန်မာနိုင်ငံ တစ်ဝန်းရှိ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ(၂၀၁၅)နှင့် နည်းဥပဒေ (၂၀၁၇) ပြဋ္ဌာန်းချက်များပါ အချက်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံအထက်ပိုင်း ပြန်လည်သန်စွမ်းရေး ဆေးရုံ(၁)ရုံ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုမန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ရေနံသာ အနာကြီးရောဂါ အထူးကုဆေးရုံကြီးကို ပြန်လည်သန်စွမ်းရေး ဆေးရုံဟု ခေါ်မည်ဖြစ်ပါကြောင်း၊ ယခုဆေးရုံသည် ဆေးဝါးကုသမှုများအပြင် ကိုယ်အင်္ဂါချို့တဲ့သူများကိုလည်း ခွဲစိတ်ပါကြောင်း၊ ဆေးရုံကို အနာကြီးရောဂါ အထူးကုဆေးရုံကြီးဟု နာမည်တပ်ထားသောကြောင့် တစ်နေ့လျှင် အတွင်းလူနာ ၆၅ ယောက် အပြင်လူနာ ၂၈ ယောက်သာ တက်ရောက်ပြီး ဆေးရုံကို အသုံးပြုသင့်သလောက် မသုံးသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် တင်ပြထားသည့်အတိုင်း ပြန်လည်သန်စွမ်းရေးဆေးရုံဟု အမည်တပ်ပြီးဆောင်ရွက်မည်ဆိုပါက အကျိုးရှိမည်ဖြစ်ပါကြောင်း၊ ထိုဆေးရုံကို တရားဝင်ဖြစ်စေရန်အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် အမည်ပြောင်းမည့်ကိစ္စကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ အမြန်ဆုံး ပြန်လည်တင်ပြ၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ လက်ရှိရန်ကုန်မြို့ ရေပေးဝေမှု အခြေအနေနှင့် တိုးပွားလာမည့် ရန်ကုန်မြို့နေလူထုအတွက် ရေလုံလောက်စွာ ပေးဝေနိုင်ရန် မည်သို့စီမံထားသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးညီထွန်းက လက်ရှိရေပေးဝေနေသော ရေပမာဏသည် ရန်ကုန်မြို့တော်၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အနာဂတ်တွင် တိုးပွားလာမည့် မြို့နေလူထု၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်းရန် လုံလောက်မှုမရှိသည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့်ပူးပေါင်း၍ မဟာဗျူဟာစီမံကိန်း (Master Plan) တွင် ရန်ကုန်မြို့ တော်ရေပေးဝေရေး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို ၂၀၄၀ ခုနှစ်အထိ ရေးဆွဲထားပါကြောင်း၊ အဆိုပါ ရန်ကုန်မြို့တော် ရေပေးဝေရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများအရ ရန်ကုန်မြို့တော် ရေပေးဝေရေး ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်ုးအဆင့် ၁ ဖြစ်သည့် လဂွန်းပြင် ရေပေးဝေရေးစီမံကိန်းနှင့် ရန်ကုန်မြို့တော် ရေပေးဝေရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအဆင့် ၂  ဖြစ်သည့် ကုက္ကိုဝမြစ်ရေပေးဝေရေးစီမံကိန်း အဆင့် ၂ တို့ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့အပြင် ကုက္ကိုဝမြစ် ရေပေးဝေရေးစီမံကိန်း အဆင့်(၁၊၂၊၃၊၄)၊ ပန်းလှိုင်မြစ် ရေပေးဝေရေး စီမံကိန်းနှင့် တိုးမြစ်ရေပေးဝေရေးစီမံကိန်းတို့အား ဆက်လက်ဆောင်ရွက်ရန်လည်း ရေးဆွဲထားပါကြောင်း။  

မဟာဗျူဟာစီမံကိန်းတွင် ပါဝင်သော ရန်ကုန်မြို့တော် ရေပေးဝေရေးဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင်  ၂၀၂၅ ခုနှစ်မှ ၂၀၄၀ ခုနှစ်အတွင်း ပန်းလှိုင်မြစ်ရေပေးဝေရေး စီမံကိန်းမှ တစ်နေ့လျှင် ရေဂါလန် သန်း ၆၀၊ ကုက္ကိုဝမြစ်ရေပေးဝေရေးစီမံကိန်း အဆင့် (၂၊ ၃ နှင့် ၄)တို့မှ တစ်နေ့လျှင် ရေဂါလန် သန်း(၄၀)စီနှင့် တိုးမြစ်ရေပေးဝေရေးစီမံကိန်းမှ တစ်နေ့လျှင် ရေဂါလန် သန်း (၇၀)ကို ပြည်သူများသို့ ပေးဝေနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ၂၀၄၀ ခုနှစ်တွင် မဟာဗျူဟာစီမံကိန်းအရ  ရန်ကုန်မြို့လူဦးရေသည် (၁၀) သန်းခန့်တိုးပွားလာမည်ဟု ခန့်မှန်းတွက်ချက်ထားပြီး တိုးပွားလာသော အဆိုပါ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ရေပေးဝေနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

အင်းစိန်မဲဆန္ဒယ်မှ ဦးမောင်မောင်ဦး၏ ၂၀၁၈ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအသစ် အကျိုးသက်ရောက်နိုင်ရန်နှင့် လုပ်ငန်းများ အောင်မြင်ပြီးမြောက်နိုင်ရန်အတွက် စည်ပင်သာယာရေးဝန်ထမ်းအင်အားနှင့် ယာဉ်စက်ယန္တရား အင်အားများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထပ်မံဖြည့်တင်းဝယ်ယူရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးညီထွန်းက ရန်ကုန်မြို့တော်၏ တိုးတက်လာသော လူဦးရေ၊ စီးပွားရေးလုပ်ငန်းများကြောင့် အမှိုက်ထွက်ရှိမှုများ များပြားပြီး လုံလောက်သော ဝန်ဆောင်မှုပေးရန် ဝန်ထမ်းနှင့် ယာဉ်/ယန္တရား ဖြည့်တင်းပေးရန် လိုအပ်ချက်များရှိပါကြောင်း၊ အချို့မြို့နယ်များတွင် ဝန်ဆောင်မှုမပေးနိုင်သေးသည့် ရပ်ကွက်၊ ကျေးရွာများ၌ တိုးချဲ့၍ ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ဝန်ဆောင်မှုပေးထားသော်လည်း အမှိုက်ထုပ်ကောက် အမှိုက်သိမ်းစနစ် ထပ်မံတိုးချဲ့နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

ထိုသို့ ထပ်မံတိုးချဲ့ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် Arm Roll Truck အမှိုက်သိမ်းယာဉ် (၁၀)စီး၊ Door to Door အထုပ်ကောက် စနစ်အား လမ်းသွယ်များရှိ အိမ်တိုင်ရာရောက် အမှိုက်ထုပ်ကောက်ယူရန် (Hopper Tripper) ယာဉ်ငယ် အစီး(၅၀)နှင့် Tri Cycle (၂၃)စီး ဝယ်ယူရန် ဘတ်ဂျက်ရရှိရေး တောင်းခံထားပြီးဖြစ်ပါကြောင်း၊ ထပ်မံ၍လည်း အမှိုက်ထုပ်ကောက် သိမ်းဆည်းနိုင်ရန် (Hopper Tripper) ယာဉ်ငယ် အစီး(၅၀)နှင့် ၎င်းယာဉ်ငယ်များမှ သိမ်းဆည်းလာသော အထုပ်ကောက် အမှိုက်များအား သယ်ယူရာတွင် အနံ့အသက်မထွက်စေရန် လုံခြုံစွာသယ်နိုင်သည့် အမှိုက်ကြိတ်ကား (Compactor Garbage Truck) အမှိုက်သိမ်းယာဉ် အစီး(၂၀)အား ထပ်မံဝယ်ယူနိုင်ရန် လိုအပ်သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဘတဂျက်လျာထားမှုတွင် ပြင်ဆင်ရေးဆွဲပေးနိုင်ရေး တင်ပြထားပါကြောင်း၊ နောင်လာမည့် ဘဏ္ဍာရေးနှစ်များတွင်လည်း ဘတ်ဂျက်ခွဲဝေလျာထားမှု အပေါ်မူတည် ၍ ယာဉ်/ယန္တရားများ ဝယ်ယူဖြည့်တင်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၏ ၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ယခုလက်ရှိ မက်သဒုံးဆေး တိုက်ကျွေးနေသည့်ဌာန (၅၅)ခုအပြင် ထပ်မံတိုးချဲ့ရန် အစီအစဉ် ရှိ၊ မရှိ  မေးခွန်းနှင့် သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၏  သံတောင်ကြီးမြို့ပေါ်တွင် အဆင့်မြင့် အားကစားကွင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လည်းကောင်း၊ တန့်ဆည်မဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၏ တန့်ဆည်မြို့နယ်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန် ချထားပေးခဲ့သော တည်ဆောက်ရေးလုပ်ငန်းအချို့မှာ မည်သည့်အတွက်ကြောင့် ဆောင်ရွက်ချိန်နောက်ကျခြင်းနှင့် လုပ်ငန်းများ စတင်ဆောင်ရွက်ခြင်း မရှိသည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးတင်ထွန်းက လည်းကောင်း၊ တောင်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာ ဦးစောနိုင်၏ တောင်ဥက္ကလာပမြို့နယ်ရှိ အားကစားကွင်းအဖြစ် ဆောင်ရွက်ပေးမည်ဟု ဖြေကြားထားသော (၄)ရက်ကွက်၊ (၆)ရပ်ကွက်၊ (၇)ရပ်ကွက်တို့ရှိ မြေကွက်တို့အနက်မှ တစ်နေရာရာအား ဖူဆယ်အားကစားကွင်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အားကစားကွင်း ဆိုင်းဘုတ်တပ်ဆင်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးညီထွန်းကလည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက မြန်မာနိုင်ငံဆေးကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာဝေဖြိုးအောင်က ဖတ်ကြားရှင်းလင်းသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာတင်သွင်းသည့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အလွန်အရေးပါသော အရပ်ဘက်လူထုဆိုင်ရာ ရပိုင်ခွင့်နှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များကို လေးစားလိုက်နာရန်နှင့် တရားဥပဒေစိုးမိုးမှုရှိစေရန်အတွက် အရပ်ဘက်လူထုဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်များနှင့် သက်ဆိုင်သော နိုင်ငံတကာသဘောတူစာချုပ် (International Covenant on Civil Political Rights- ICCPR)ကို လက်မှတ်ရေးထိုးရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်းက စာချုပ်ကို လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါက အဓိပ္ပာယ်ပြည့်ဝသည့် ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီတည်ဆောက်ရာတွင် လူ့အခွင့်အရေးများကို လေးစားလိုက်နာသည့် အလေ့အထ  ယဉ်ကျေးမှုတစ်ရပ် ဖော်ဆောင်ရန်အတွက် နိုင်ငံတကာနှင့် ပြည်တွင်း ဥပဒေပြဋ္ဌာန်းချက်များ၊ နိုင်ငံသားလူ့အခွင့်အရေးများကို အာမခံပေးရာရောက်မည် ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂသဘောတူစာချုပ်များ လက်မှတ်ရေးထိုးအတည်ပြုခြင်းသည် အစိုးရအသစ်အတွက် လူ့အခွင့်အရေးနှင့် နိုင်ငံတကာစံများကို လေးစားလိုက်နာသည့် နိုင်ငံတစ်ရပ် တည်ထောင်ရေးတွင် အခွင့်အလမ်းတစ်ရပ်ဖြစ်သည့်အတွက် အဆိုပါ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန်သင့်ကြောင်း ထောက်ခံဆွေးနွေးသည်။

လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦးက အဆိုရှင်သည် စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန်အတွက်သာ တိုက်တွန်းထားသော်လည်း မည်သည့်ပုံစံဖြင့် လက်မှတ်ရေးထိုးရန် ကန့်သတ်ဖော်ပြထားခြင်းမရှိပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံက လူ့အခွင့်အရေးကို လေးစားတန်ဖိုးထားသည့် ဂုဏ်သိက္ခာရှိသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပြသရန် လိုအပ်သောကြောင့် လည်းကောင်း၊ ICCPR စာချုပ်တွင်ပါရှိသည့် အပိုဒ်များသည်လည်း မိမိတို့နိုင်ငံမှ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် အချိုးကိုက်ညီမှုရှိသောကြောင့်လည်းကောင်း၊ နိုင်ငံရေးဆိုင်ရာစာတမ်းရှိမှုကို ပြသသည့်အနေဖြင့် စာချုပ်တွင် ကနဦးအနေဖြင့် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးသင့်ပါကြောင်း၊ မြန်မာနိုင်ငံက ICCPR လက်မှတ်ရေးထိုးရန် အကြံပြုခြင်း၊ တိုက်တွန်းခြင်း၊ ဆွေးနွေးခြင်းများကို လွန်ခဲ့သည့်နှစ်ကတည်းက တွေ့မြင်ရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ယခုလက်ရှိ နိုင်ငံရေး အခင်းအကျင်း၊ နိုင်ငံတကာရှုမြင်မှုများကို သုံးသပ်ပြီးမှသာ စာချုပ်တွင်ပါသည့် အပိုဒ်များကို ချွင်းချက်ထားပြီးကြေညာခြင်းများ ပြုလုပ်၍ ကနဦးအနေဖြင့် ဝင်ရောက်လက် မှတ်ရေးထိုးသင့်ပါကြောင်း ဆွေးနွေးသည်။

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦးက နိုင်ငံတကာ စာချုပ်တစ်ရပ်သို့ ပါဝင်ရေးသည် လေးနက်သည့် ကတိကဝတ်ပြုခြင်း၊ တာဝန်ယူမှု တစ်ရပ်ဖြစ်ခြင်းတို့ကြောင့် မိမိနိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားနှင့်ကိုက်ညီခြင်း ရှိ/မရှိ လက်တွေ့အကောင်အထည်ဖော်နိုင်ခြင်း ရှိ/မရှိ တို့ကို ဦးစွာချိန်ဆရန် လိုအပ်ပါကြောင်း၊ ထိုကဲ့သို့ ချိန်ဆရာတွင်လည်း မိမိနိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို မထိပါးစေရေး၊ ပထဝီအနေအထား၊ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှုနှင့် ထုံးတမ်းစဉ်လာများ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများနှင့် ဖွဲ့စည်းထူထောင် ရပ်တည်နေမှု စသည်တို့နှင့် ကိုက်ညီရေးသည် ပဓာနကျပါကြောင်း၊ လက်တွေ့အနေဖြင့် လုပ်ဆောင်သွားရမည့် စာချုပ်ပါပြဋ္ဌာန်းချက်များ၊ ကတိကဝတ်များအရ လိုက်နာရမည့် တာဝန်များကို စဉ်းစားချိန်ဆရန် လိုအပ်နေသေးသည်ဟု ထင်မြင်ယူဆပါကြောင်း၊ နိုင်ငံတကာစာချုပ်များ လက်မှတ်ရေးထိုးရာတွင် အတုယူသင့်သော နိုင်ငံမှာ စင်ကာပူ နိုင်ငံဖြစ်ပါကြောင်း၊ ICCPR စာချုပ်ရေးထိုးသည့် ကိစ္စရပ်တွင် စင်ကာပူနိုင်ငံ၏ ရပ်တည်မှုကို မိမိတို့မြန်မာနိုင်ငံအနေဖြင့် အတုယူသင့်သည်ကို အကြံပြုတိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပဲခူးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ရွှေပုံ၊ ဝါးခယ်မ မဲဆန္ဒနယ်မှ ဦးဇော်သိန်း၊ မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ တပ်မတော် သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှ ဦးလုံဂျုံဆန်မိုင်၊ တောင်ကုတ် မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၊ တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ဇင်မင်း၊ သန်လျင်မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်နှင့် တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မိုးအောင်တို့က ဆက်လက်ဆွေးနွေးကြသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြန်လည်ရှင်းလင်းရာတွင် မိမိတို့အနေဖြင့် ICCPR ကို ကနဦးလက်မှတ်ရေးထိုးရေးကိစ္စကို ဦးစားပေး ရည်မှန်းချက်အဖြစ် သတ်မှတ်ထားပြီး၊ ပြည်တွင်းဥပဒေနှင့် လက်တွေ့အကောင်အထည်ဖော်ရေးဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာလျက်ရှိပါကြောင်း၊ နိုင်ငံတကာ စာချုပ်တစ်ရပ်သို့ ကနဦးလက်မှတ်ရေးထိုးခြင်းသည် နိုင်ငံရေးဆန္ဒကို ဖော်ပြခြင်းသာ ဖြစ်ပါကြောင်း၊ ကနဦးလက်မှတ်ရေးထိုးခြင်းသည် ဥပဒေကြောင်းအရ စည်းနှောင်မှုမရှိသေးသော်လည်း လက်မှတ်ရေးထိုးပြီးနောက် သင့်လျော်သည့်အချိန်တွင် အတည်ပြုပါဝင်ရန် ဆောင်ရွက်ရမည်ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါကြောင်း၊ 

စာချုပ်ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့လုပ်ဆောင်နိုင်ရန်နှင့် လက်ရှိ ပြည်တွင်းတွင် ဆောင်ရွက်နေသည့် အချက်များနှင့် နှိုင်းယှဉ်လုပ်ဆောင်နိုင်ရန် လိုအပ်ပါကြောင်း၊ စာချုပ်တွင် ပါဝင်သည့် အာတီကယ်များပါ ပြဋ္ဌာန်းချက်များအရ မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်ပြီးဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန် စသည့် လိုအပ်သည့် အချက်များကို ရှင်းလင်းသိရှိရန် လိုအပ်သောကြောင့် ကနဦးအနေဖြင့် လက်မှတ်ရေးထိုးရန်အတွက်သာ ဦးစားပေးဆောင်ရွက်သွားရန် ရည်ရွယ်ထားပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ သဘောထားများ တောင်းခံခဲ့ရာ ပြန်ကြားလာသည့် သဘောထားမှတ်ချက်များအရ ကနဦးလက်မှတ်ရေထိုးရန် ကန့်ကွက်ကြခြင်းမရှိသော်လည်း စာချုပ်ပါ ပြဋ္ဌာန်းချက်များအနက် မြန်မာနိုင်ငံမှ လက်ခံနိုင်မှုမရှိသည့် ကိစ္စများ၊ အဓိပ္ပာယ်ဖော်ရာတွင်  နားလည်သဘောပေါက်မှု စသည့် ကိစ္စများနှင့် ပတ်သက်၍ သဘောထားတင်ပြချက်များ ပြုလုပ်ရန် အကြံပြုချက်လည်း ရရှိထားပါကြောင်း။

ICCPR စာချုပ်ကို မူလက ယခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း လက်မှတ်ရေးထိုးနိုင်ရန်အတွက် ရည်ရွယ်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော်လည်း ယင်းမတိုင်မီ ကာလတွင် ပြည်တွင်းလုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်ရန် အချိန်ထပ်မံ လိုအပ်နေ သေးပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် အဆိုပါစာချုပ်ကို အချိန်ယူ လေ့လာပြင်ဆင်ပြီး နောင်လာမည့်နှစ်များတွင် ဦးစားပေးလက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းစီစဉ် ဆောင်ရွက်နေကြောင်းကို တင်ပြလိုပါကြောင်း၊  ထို့ကြောင့် ICCPR စာချုပ်ကို လက်မှတ်ရေးထိုးရန် တိုက်တွန်းကြောင်းအဆိုကို မှတ်တမ်းတင်ထားရှိရန်သင့်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က မှတ်တမ်းတင်စောင့်ကြည့်ပေးပါရန် ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား မှတ်တမ်းတင်စောင့်ကြည့်ရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာသည်။      

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို စက်တင်ဘာ ၁၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။     

အေးအေးသန့်၊ ကျော်ဇင်ထိုက်