နေပြည်တော် ၁၀ စက်တင်ဘာ
ပင်လယ်ကြမ်းပြင် အရင်းအမြစ်များနှင့် အဏ္ဏဝါစီးပွားရေးဆိုင်ရာ အာဆီယံနှင့် ဘင်းမ်စတက် ဒေသတွင်း အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ဆက်လက်ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကုလသမဂ္ဂပင်လယ်ပြင် ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်းနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် အဆိုပါကွန်ဗင်းရှင်းအောက်မှ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများအနေဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပြီး၊ ပြင်ပပင်လယ်ပြင်ဧရိယာရှိ ဓာတ်သတ္တုနှင့် သယံဇာတရှာဖွေတူးဖော်ရာတွင် လိုက်နာဆောင်ရွက်ရမည့် ဥပဒေမူဘောင်များနှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့၏ အခန်းကဏ္ဍ၊ အာဆီယံနှင့် ဘင်းမ်စတက်နိုင်ငံများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အဏ္ဏဝါစီးပွားရေးကို ပံ့ပိုးပေးနိုင်ရေးအတွက် ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ဒေသတွင်းစွမ်းဆောင်ရည်မြှင့်တင်မှု အခွင့်အလမ်းများ ဖော်ဆောင်နိုင်သည့် အခြေအနေများ ဖြစ်မြောက်ရေးတို့နှင့်စပ်လျဉ်းသည့် အသိပညာရပ်များပိုမိုတိုးပွားလာစေရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိကြီးများ၊ အာဆီယံနှင့် ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းဆိုင်ရာ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ ဖြစ်ကြသည့် International Seabed Authority (ISA), Commission on the Limits of the Continental Shelf (CLCS), Division for Ocean Affairs and the Law of the Sea (DOALOS) နှင့် Korea Maritime Institute(KMI) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ၎င်းတို့၏ ကျွမ်းကျင်မှုပညာရပ်များနှင့် အတွေ့အကြုံများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို မွန်းလွဲပိုင်းတွင် ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်မြင့်နှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Michael Lodge တို့က အမှာစကား ပြောကြားခဲ့ကြသည်။ အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့တို့ ပူးပေါင်းလျက် Korea Maritime Institute ၏ ကူညီမှုဖြင့် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။
သတင်းစဉ်


