ထန်းတပင် ၁၁ စက်တင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ငါးသယံဇာတများ လျော့နည်းကျဆင်းမှု မရှိစေရန်အတွက် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ စပါးခင်းများအတွင်း ငါးမျိုးများကို စိုက်ထည့်ပေးလျက် ရှိပြီး ယနေ့ နံနက်ပိုင်းတွင် ဆတ်ကလေးကျေးရွာအုပ်စု၊ အိမ်လေးလုံး ကျေးရွာရှိတောင်သူဦးမျိုးနိုင်၏ စိုက်ပျိုး လယ်ယာမြေ၊ ကွင်းအမှတ်(၂၃၄)၊ စင်ခေါင်းကွင်းနှင့် ဆက်စပ် နေသောတောင်သူများ၏ စပါးခင်းများအတွင်းသို့ ငါးခုံးမကြီးကောင်ရေ(၁)သိန်းကို စိုက်ထည့်ပေးခဲ့ ကြသည်။
ငါးမျိုးစိုက်ထည့်ပွဲတွင် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်တို့က ဒေသခံတောင်သူများထံသို့ ငါးမျိုးများကို ပေးအပ်ခဲ့ကြပြီး မြို့နယ်တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများနှင့်အတူ စုပေါင်း၍ တောင်သူဦးမျိုးနိုင်၏ လယ်ယာမြေနှင့်ဆက်စပ်နေသော တောင်သူ(၁ဝ)ဦးတို့၏ စိုက်ပျိုး လယ်ဧက(၂၀ဝ)အတွင်းသို့ ငါးခုံးမကြီးကောင်ရေ(၁)သိန်းကို စိုက်ထည့်ပေးခဲ့ကြသည်။
ထန်းတပင်မြို့နယ်အတွင်းရှိ စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ပေးခြင်းကြောင့် သဘာဝရေပြင်အတွင်း လျော့နည်းသွားသော ငါးမျိုးများကို တဖက်တလမ်းမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကာ အသား၊ ငါးများလည်း ဖူလုံလာမည်ဖြစ်ပြီး ငါးသယံ်ဇာတများလည်းတိုးပွားလာစေမည်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


