စလင်း ၁၁ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကျောင်းကုန်းကျေးရွာအုပ်စု ကုက္ကိုကျင်းကျေးရွာတွင် သန့်ရှင်းသောသောက်သုံးရေ ရှားပါးမှု ဖြစ်ပေါ်နေသောကြောင့် အဝီစိစက်ရေတွင်းတူးဖော်ပေးနိုင်ရေးအတွက် သန့်ရှင်းကောင်မွန်သည့် မြေအောက်ရေအောင်းလွှာ တည်ရှိမည့်နေရာအား ယနေ့နံနက်ပိုင်းက GP Survey တိုင်းတာမှုများ ပြုလုပ်ခဲ့ကြသည်။
ထိုသို့တိုင်းတာရာတွင် မကွေးတိုင်းဒေသ ကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်သင်ကြားနေသော "မြေအောက်ရေတိုင်းတာခြင်း နည်းပညာသင်တန်း" မှ သင်တန်းတာဝန်ခံ အင်ဂျင်နီယာ ဦးမျိုးသန့်နိုင် ဦးဆောင်၍ သင်တန်းသား သင်တန်းသူ ၃၀ တို့မှ ယနေ့နံနက် ၁၁နာရီတွင် မြေအောက်ရေအောင်းလွှာရှိ မရှိကို လက်တွေ့ကွင်ဆင်းကာ GP Survey တိုင်းတာမှုများပြုလုပ်ပေးခဲ့ကြသည်။
ကျွန်တော်တို့ကျေးရွာမှာ လက်နှိပ်တုံကင်တွင်းများရှိသော်လည်း သောက်သုံးရန်အတွက် သန့်ရှင်းမှုမရှိ၊ မသင့်တော်သောကြောင့် အဝီစိတွင်းနက်စက်ရေတွင်း တစ်တွင်းတူးဖော်ပေးနိုင်ပါရန် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးသို့ တင်ပြအကူအညီတောင်းခံခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ထွန်း ကပြောသည်။
ထိုသို့တင်ပြတောင်းခံလာမှုကြောင့် ၂၀၁၉- ၂၀၂၀ခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၏ မူလခွင့်ပြု ရန်ပုံငွေ ကျပ် ၂၀ ဒသမ ၃၀သန်းဖြင့် စက်ရေတွင်း လေးလက်မတွင်းနက် GIပေ၆၀ဝ၊ ရေစက်ရုံ၊ ဂါလန် ၅၀ဝ၀ ဆံ့ရေစုကန်များပါ တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျ ကပြောပြသည်။
ကုက္ကိုကျင်းကျေးရွာတွင် စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီး သွားပါက ကျေးရွာရှိအိမ်ခြေ ၉၉အိမ်မှ လူဦးရေ ၄၉၂ ဦးတို့မှာ ရာသီမရွေးသန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိလာတော့မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ဆက်လက်ပြောပြသည်။
ငြိမ်းသူ(စလင်း)


