ရန်ကုန် ၁၁ စက်တင်ဘာ

ထွန်းဖောင်ဒေးရှင်းသည် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍ စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်များပါဝင်သော ထွန်းဖောင်ဒေးရှင်း စာပေဆု ရွေးချယ်ရေးကော်မတီကိုဖွဲ့စည်းကာ ဘာသာရပ်(၁၂)မျိုးခွဲခြားပြီး စာပေဆုများကို နှစ်စဉ်ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးလျက်ရှိသည်။

ထွန်းဖောင်ဒေးရှင်းစာပေဆုအတွက် အကျုံးဝင်သော ဘာသာရပ်များမှာ စီးပွားရေး၊ သမိုင်း၊ အတ္ထုပတ္တိ၊ ကျန်းမာရေး၊ ကလေးစာပေ၊ လူငယ်စာပေ၊ ယဉ်ကျေးမှု၊ ရှေးဟောင်းကျမ်း၊ ရည်ညွှန်းကျမ်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စာပဒေသာနှင့် သုတပဒေသာတို့ဖြစ်ပြီး (အင်္ဂလိပ်၊ မြန်မာ) နှစ်သက်ရာဘာသာဖြင့် ရေးသားတင်သွင်းနိုင်သည်။

စာပေဆုအတွက် အထက်ပါဘာသာရပ်များနှင့် အကျုံးဝင်သော ၂၀၁၈ ခုနှစ်အတွင်း ပထမအကြိမ်ထုတ် စာအုပ်(၂)အုပ်နှင့် စာမူဆုအတွက် မိမိကိုယ်တိုယ်ရေးသားပြုစုထားသော စာမူ(၂)စုံ၊ (လက်နှိပ်စက်၊ ကွန်ပျူတာဖြင့်)ကို စာရေးသူ၏ ကိုယ်ရေးအကျဉ်း၊ လိုင်စင်ဓါတ်ပုံ (၂)ပုံတို့ဖြင့် ပူးတွဲပေးပို့ရန်ဖြစ်သည်။

(၁၄)ကြိမ်မြောက် ထွန်းဖောင်ဒေးရှင်းစာပေဆုအတွက် စာအုပ်/စာမူတင်သွင်းလိုသူများသည် ထွန်းဖောင်ဒေးရှင်း စာပေဆုကော်မတီ၊ အမှတ် (၂၃/၂၄)၊ ဗဟိုရ်စည်အိမ်ရာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့ (ဖုန်း-ဝ၉၇၃၁၀၄၄၈၇) သို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်