မန္တလေး ၁၁ စက်တင်ဘာ
မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အတွင်းရေးမှူး ဦးတင်မင်းအေးတို့သည် ယနေ့နံနက် ၁၁ နာရီက အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးသို့ရောက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးအတွက် မဲဆန္ဒရှင်စာရင်းများ ပြုစုနေမှုအားကြည့်ရှုအားပေးပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးက အောင်မြေသာစံမြို့နယ်တွင် ကောက်ယူရရှိထားသည့် မဲဆန္ဒရှင်စာရင်းသည် တစ်သိန်းခွဲကျော်ရှိကြောင်း၊ ယနေ့အချိန်ထိ ကွန်ပျူတာဖြင့် စာရင်းပြုစုပြီးစီးမှုမှာ တစ်သိန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း၊ အောင်မြေသာစံမြို့နယ်အနေဖြင့် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၂၀ ရက်တွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး ပြန်လည်စစ်ဆေးခြင်း လုပ်ငန်းများကို စက်တင်ဘာလကုန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကော်မရှင်တွင် ပါဝင်သည့် ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ကြည်က အောင်မြေသာစံမြို့နယ်အနေဖြင့် လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်သည်ကို တွေ့ရ၍ ဂုဏ်ယူပါကြောင်း၊ မဲစာရင်းများပြုစုရာတွင် အမှားအယွင်းမရှိ၊ တိကျမှန်ကန်သော မဲစာရင်းများဖြစ်ရေး ဦးစားပေးဆောင်ရွက်ပေးကြရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


