ဆော ၁၂ စက်တင်ဘာ
ယောနယ်အတွင်းရှိ ကျေးရွာများမှ အခြေခံပညာကျောင်းများသို့ ခရီးဝေးကွာပြီး ကျောင်းအသွားအပြန် သွားလာရေးခက်ခဲသော ကျောင်းသား၊ ကျောင်းသူများအတွက် ယောလူငယ်အဖွဲ့၏ ချိတ်ဆက်ဆောင်ရွက်မှုဖြင့် Lesswalk.org မှ စက်ဘီး ၄၉၂ စီး လှူဒါန်းပေးရာ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် လောင်းရှည်(မြို့ဟောင်း) အ.ထ.က ကျောင်းတွင် ကျောင်းသွားလာရေးခက်ခဲသော ကျေးရွာများမှ ကျောင်းသား ၉၀ အတွက် စက်ဘီးအစီး ၉၀ ကို စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ယင်းကျောင်းခန်းမ၌ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
အဆိုပါ ပေးအပ်ပွဲတွင် အလှူရှင် Lesswalk.org ကိုယ်စား ယောလူငယ်အဖွဲ့ဗဟိုအတွင်းရေးမှူး ဦးဝင်းဇော်နှင့် အဖွဲ့ဝင်များက ကျောင်းသားများထံ စက်ဘီးများ လွှဲပြောင်းပေးအပ်ခဲ့ပြီး လောင်းရှည်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ လောင်းရှည်တိုက်နယ်ဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာထင်ကျော်မင်း၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်ဝင်းနှင့် ကျောင်းကော်မတီဉက္ကဌ ဦးတင်ဖေတို့က တက်ရောက်အမှာစကား ပြောကြားကာ ယောလူငယ်အဖွဲ့နှင့် စက်ဘီးများ သယ်ယူပို့ဆောင်ရေးအတွက် ငွေကြေးပါဝင် လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ယနေ့ လောင်းရှည်(မြို့ဟောင်း) အထကကျောင်းတွင် ပြုလုပ်သော ပေးအပ်ပွဲ အခမ်းအနားတွင် စက်ဘီးများကို သိန်းကျင်းကျေးရွာ ၁၁ စီး၊ လှော်ကားကျေးရွာ ၅ စီး၊ ကံဆီမီး ကျေးရွာ ၆ စီး၊ ခွေးမည်းကန်ကျေးရွာ ၈ စီး၊ ကြိမ်ကြီးကျေးရွာ ၅ စီး၊ ပါးချောင်းကျေးရွာ ၂၆ စီး၊ ကာကကျေးရွာ ၂၃ စီး၊ အင်ဘူးကျေးရွာ ၆ စီး စုစုပေါင်းအစီး ၉၀ ဖြစ်ကြောင်း ယောလူငယ်အဖွဲ့ ဆောဒေသပြန်ကြားရေးတာဝန်ခံ ဦးသန်းဇော်ဦးထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်


