မိုးကောင်း ၁၂  စက်တင်ဘာ 


ကချင်ပြည်နယ်၊ မိုးကောင်းမြိုနယ် မိုးကောင်း-ဖားကန့် ၆၆ ကေဗွီ ဓာတ်အားလိုင်း တည်ဆောက်ခြင်းကြောင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် နှစ်ရှည်သီးနှံပင် စိုက်ခင်းများအတွက် နန့်ဟိုင်ကျေးရွာမှ နစ်နာတောင်သူ ၁၆ ဦးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် သီးနှံလျော်ကြေးငွေ စုစုပေါင်း ကျပ်သိန်း ၁၄ဝ ခန့်ပေးအပ်ခဲ့ကြောင်း သိရသည်။


ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသွေစံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင် ထွန်းတို့က အမှာစကား ပြောကြားပြီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန စီမံကိန်းမန်နေဂျာ ဦးထွန်းအောင်က လျော်ကြေးငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းသည်။ 


"၆၆ ကေဗွီ ဓာတ်အားလိုင်း တစ်လျှောက်မှာရှိတဲ့ သီးနှံပျက်စီးဆုံးရှုံးခဲ့တဲ့ သစ်ပင်သီးနှံတွေအတွက် လျော်ကြေးကို သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရရဲ့ အတည်ပြု ထောက်ခံချက်နဲ့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ဘတ်ဂျက်လျာထား တောင်းခံပြီးတော့ တစ်ဦးချင်း လက်ဝယ်အရောက် အခုလို အခမ်းအနားနဲ့ ပေးအပ်ခဲ့တာပါ။ မိုးကောင်းမြို့မှာတော့ နန့်ဟိုင်ကျေးရွာက တောင်သူ ၁၆ ဦးကို ကျပ်သိန်း ၁၄ဝ နီးပါး ပေးအပ်ခဲ့တာပါ" ဟု လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန စီမံကိန်းမန်နေဂျာက ပြောကြားသည်။ 


အခမ်းအနားကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နန့်ဟိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နှစ်ရှည်သီးနှံပင်စိုက်ခင်းများအတွက် နစ်နာတောင်သူများ တက်ရောက်သည်။


သန်းလွင်ဦး (ပြန်/ဆက်)