ကျောက်တလုံးကြီး ၁၂ စက်တင်ဘာ
ရှမ်းပြည်နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)တို့ ပူးပေါင်း၍ ကျောက်တလုံးကြီးမြို့၊ မွေတော်ကက္ကူဘုရား အောင်စုဟော်ဘုံဓမ္မာရုံ၌ ကက္ကူကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ ရပ်ရွာလူထုများအား ရှေးဦးသူနာပြု ကြက်ခြေနီဆင့်ပွား သင်တန်းကို ဖွင့်လှစ်ပို့ချ လျက်ရှိရာ စက်တင်ဘာလ ၁၁ ရက် နံနက်(၁၀)နာရီက သင်တန်းဆင်းပွဲကို အခမ်းအနားကို ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် ကျောက်တလုံးကြီး မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် ရှမ်းပြည်နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ အုပ်ချုပ်ရေး အထောက်အကူပြု အရာရှိ ဦးအောင်ကျော်မျိုးတို့က သင်တန်းဆင်း အမှာစကား ပြောကြားပြီး၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးခွန်မင်းကျော်က ပအိုဝ်းဘာသာဖြင့် သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ရှေးဦးသူနာပြု ကြက်ခြေနီ ဆင့်ပွားသင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း လက်မှတ်များကို ရှမ်းပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အုပ်ချုပ်ရေး အထောက်အကူပြု အရာရှိ ဦးအောင်ကျော်မျိုးနှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများတို့က ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ကက္ကူကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများအား ရှမ်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဆေးခါးပတ် အိတ်များကို ပေးအပ်ခဲ့ပြီးနောက် သင်တန်းထူးချွန်ဆုရ ကျောင်းသူနှင့် နောင်ခဲတိုက်နယ်ဥက္ကဋ္ဌ ဦးနေထွန်းတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ကြက်ခြေနီလုပ်ငန်း နှင့်ပတ်သက်၍ “ကြက်ခြေနီလုပ်ငန်းဟာ ဂရုဏာတရားကို အရင်းခံ၍ ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် ကျန်းမာရေးမြှင့်တင်ပေးခြင်း၊ ရောဂါများ ကာကွယ်တားဆီးခြင်း၊ ဘေးအန္တရာယ်များ ကျရောက်သည့် အခါများ၌ ဒုက္ခသည်များအား ကူညီစောင့်ရှောက်ခြင်းစသည့် မွန်မြတ်လှသော လုပ်ငန်းများနဲ့ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိ မိသားစုများ အပါအဝင် အားလုံးသော လူသားများ၏ ဆင်းရဲခြင်းလူမှုဒုက္ခများကို ကြိုးစားကူညီဆောင်ရွက်ပေးသည့် လုပ်ငန်းဖြစ်ကြောင်း” ရှမ်းပြည်နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အုပ်ချုပ်ရေး အထောက်အကူပြု အရာရှိ ဦးအောင်ကျော်မျိုးက ပြောကြားသည်။
ရှေးဦးသူနာပြု ကြက်ခြေနီ ဆင့်ပွားသင်တန်းကို သင်တန်းနည်းပြ(၄)ဦးဖြင့် ရှေးဦးပြုစုခြင်း၊ ခန္ဓာကိုယ် တည်ဆောက်ပုံနှင့်လုပ်ငန်းများ၊ ဒဏ်ရာအမျိုးမျိုးနှင့် ပြုစုနည်းများ၊ သွေးယိုစီးခြင်း၊သွေးဆုတ် သွေးလန့်ခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အဆိပ်သင့်ခြင်း၊ အရေးပေါ် အခြေအနေများ တွင်ကိုင်တွယ်ပုံအဆင့်ဆင့်၊ ဦးခေါင်းပိုင်းမှခြေဖျားပိုင်းအထိ လူနာဆန်းစစ်ခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းများ၊ ဦးခေါင်း ထိခိုက်ဒဏ်ရာရပြီး သွေးထွက်ပါက ပြုမှုရမည့်နည်းများ၊ အရိုးကျိုးခြင်း၊ ရေနစ်ခြင်း၊ မြွေကိုက်ခြင်းနှင့် အထွေထွေ အရေးပေါ် အခြေအနေများ စသည့် သင်ခန်းစာများကို စက်တင်ဘာလ(၈) ရက်နေ့မှ စက်တင်ဘာလ (၁၀) ရက်နေ့အထိ (၃)ရက်တာ ဖွင့်လှစ်ပို့ချ သင်ကြားခဲ့ပြီး သင်တန်းထူးချွန်ဆုများ ပေးအပ်ကာ ထူးချွန်သူများကို အခြေခံမှ သာမန်၊ သာမာန်မှ နည်းပြ သင်တန်းများအထိ ဆက်လက်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ကြက်ခြေနီတပ်ဖွဲ့ တပ်ခွဲ-၃ တပ်ခွဲမှူး ဒေါ်လှိုင်လှိုင်ထွေးက ထံမှ သိရှိရသည်။
ထက်ထက်


