ရန်ကုန်  ၁၂  စက်တင်ဘာ  
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် သန်လျင်မြို့၊ စိကုန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေနှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေး မီးကြိုးသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ လုပ်ငန်း အားလုံးပြီးစီးခဲ့ပြီး ကျေးရွာအတွင်း လျှပ်စစ်မီးလင်းနေသည်ကို စက်တင်ဘာ ၁၁ ရက် ညနေပိုင်းက တွေ့မြင်ရသည်။
ထိုသို့ လျှပ်စစ်မီးကြိုးသွယ်တန်းရာတွင် စိကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်း အတိုးရငွေနှင့် ကျေးရွာနေပြည်သူများ စုပေါင်းထည့်ဝင်ငွေကျပ် ၂၁၅ သိန်းကျော်ဖြင့် ဆောင်ရွက်ခဲ့ရာ စိကုန်းကျေးရွာအတွင်း လမ်းများ လျှပ်စစ်မီးရရှိပြီး အိမ်ခြေ ၉၃ အိမ် မီးလင်းကာ ကျေးရွာနေပြည်သူများ ကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေးများ ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာကြောင်း သိရသည်။
သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၅၇ ရွာ၊ ကျေးရွာအုပ်စု ၂၈ အုပ်စုအနက် ကျေးရွာအုပ်စု ၂၇ အုပ်စုတွင် လျှပ်စစ်မီးမျာ းရရှိနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သက်ခိုင် (သန်လျင်)