မုံရွာ ၁၂ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် စိုက်ပျိုးရေးတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းသား/သူများ၏ လုပ်ငန်းခွင် လက်တွေ့ သင်တန်း (Internship Program)အကြိုစာတမ်းဖတ်ပွဲကို စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး (၂)ရက်ကြာ ကျင်းပလျက်ရှိကြောင်း သိရသည်။
“လုပ်ငန်းခွင်မှာ လုပ်ဆောင်နိုင်ဖို့ကို အချိန်(၅)လယူပြီး မျိုးစေ့ထုတ်တာတွေ၊ စိုက်ပျိုးရေးပညာပေး လုပ်ငန်းတွေနဲ့ ဌာနရဲ့ လုပ်ငန်းလည်ပတ်မှု အခြေအနေတွေကို အဖွဲ့(၈)ဖွဲ့ခွဲပြီး ကွင်းဆင်းတယ်၊ တွေ့ရှိချက်တွေကို စာတမ်းပြုစုပြီး တိုင်းဒေသကြီးအဆင့် အနေနဲ့ အကြိုစာတမ်းဖတ်တာဖြစ်တယ်၊ စာတမ်း(၈)ခုထဲက အကောင်းဆုံး စာတမ်း (၃)ခုကို ရွေးချယ်ပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာ နောက်ဆုံးအဆင့်စာတမ်းဖတ်ကြားဖို့ ကြိုတင်စီစဉ်တဲ့ အနေနဲ့ စာတမ်းဖတ်တာဖြစ်တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။
စာတမ်းဖတ်ပွဲတွင် “ရေမြေဒေသနှင့် ကိုက်ညီ၍ အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များတိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးနှင့် အရည်အသွေး ပြည့်မီသော ထုတ်ကုန်များတိုးတက်ရေး” ခေါင်းစဉ်ဖြင့် မုံရွာမြို့နယ်ရှိ ဇလုပ် စိုက်ပျိုးရေး သုတေသနခြံ၊ ကြေးမုံမျိုးသန့်ခြံ၊ ရေဦးမြို့နယ်ရှိ ရေဦးမျိုးသန့်ခြံနှင့် ရွှေဘိုမြို့နယ်စုရပ်တို့တွင် ကွင်းဆင်းသုတေသနပြုအဖွဲ့(၄)ဖွဲ့မှလည်းကောင်း၊ “ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီထုတ်လုပ်သုံးစွဲနိုင်ရန် ဆီထွက်သီးနှံစနစ်တကျစိုက်ပျိုးခြင်း” ခေါင်းစဉ်ဖြင့် မြင်းမူမြို့နယ်စုရပ်၊ ယင်းမာပင်မြို့နယ်စုရပ်နှင့် ပုလဲမြို့နယ်စုရပ်တို့တွင် ကွင်းဆင်းသုတေသနပြုအဖွဲ့(၃)ဖွဲ့မှ လည်းကောင်း၊ “သရက်သီးနှံ GAP နည်းစနစ်ကျင့်သုံးစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် မြေဆီလွှာ ပျက်စီး ဆုံးရှုံးမှုလျော့ချခြင်း” ခေါင်းစဉ်ဖြင့် ကန့်ဘလူခရိုင်စုရပ်တွင် ကွင်းဆင်းသုတေသနပြုအဖွဲ့(၁)ဖွဲ့မှ လည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြောင်းနှင့် စက်တင်ဘာလ (၁၃)ရက်နေ့တွင် စာတမ်းများ၏ အားနည်းချက်နှင့် အားသာချက်များကိုရှင်းလင်းခြင်းနှင့် အကောင်းဆုံးသုတေ သနစာတမ်း(၃)ခုကို စိစစ် ရွေးချယ်ပြီး ဆုပေးပွဲအား ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


