နေပြည်တော် ၁၂ စက်တင်ဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံအမတ်ကြီး Ms. RiikkaLaatu အား ယနေ့မွန်းလွဲ ၁ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဖင်လန်နိုင်ငံ စီးပွားရေးရာနှင့် အလုပ်အကိုင်ရေးရာ ဝန်ကြီးဌာနတို့အကြား စွမ်းအင်နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော နားလည်မှုစာချွန်လွှာအရ စွမ်းရည်ပြည့်ဝသော လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးကဏ္ဍများနှင့် ပြည်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးရေးအတွက် ဖင်လန်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများကို ဖင်လန်နိုင်ငံအစိုးရမှ ပူးပေါင်းကူညီပံ့ပိုးသွားမည့် လုပ်ငန်းစဉ်များအပေါ် နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများ စတင်ဆောင်ရွက်ရန်၊ အဆိုပါ လုပ်ငန်းစဉ်များအတွက် ဖင်လန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ပရေးရာ စီးပွားရေးဆက်ဆံရေးဌာန၏ ဒုတိယဝန်ကြီး ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်များအဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည့်ကိစ္စ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ စွမ်းအင်အရင်းအမြစ်များမှ ရေရှည်တည်တံ့စေမည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


