မန္တလေး ၁၂ စက်တင်ဘာ
မန္တလေးမြို့ရှိ ရတနာပုံ ဗုဒ္ဓဘောဇနိယဥဿာဟအသင်းကြီးသည် နှစ်စဉ် ဝါတွင်းကာလ ဥပုသ်နေ့တိုင်းတွင် မန္တလေးမြို့ရှိ တန်ခိုကြီးဘုရားများသို့ အလှည့်ကျ သီတင်းပတ်တိုင်းသွားရောက်၍ အာရုံဆွမ်းများ ဆက်ကပ် လှူဒါန်းသည့် ဓလေ့ကို အစဉ်အလာမပျက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအသင်းကြီးကို ဒေသခံပြည်သူများက အုပ်ကလေးအသင်းဟု ခေါ်ဆိုကြပြီး မန္တလေးမြို့ လေးပြင်လေးရပ်ရှိ လူကြီးလူငယ်များ စုပေါင်းပါဝင်ကာ ရှေးမင်းအဆက်ဆက်တို့ အစဉ်အလာမပျက် ဆောင်ရွက်တော်မူခဲ့ကြသည့် ကောင်းမှုအမွေကို ဆက်ခံကာ လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်၍ ကုသိုလ်ပြုလှူဒါန်းခဲ့ကြခြင်းဖြစ်ပြီး ယခုနှစ်တွင် သက်တမ်းအားဖြင့် ၉၇ နှစ်သို့ ရောက်ရှိ နေပြီဖြစ်ကြောင်း အသင်းကြီး၏ ဥက္ကဋ္ဌ ဦးချစ်ကိုကိုက ပြောသည်။
''ကျွန်တော်တို့ အသင်းကြီးဟာ ဘာသာရေးသာမက ရှေးခေတ်ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကိုပါ မပျောက်ပျက်အောင် စောင့်ရှောက်လာတဲ့ အသင်းကြီးဖြစ်ပါတယ်။ ဒါကြောင့် ဆွမ်းကပ်လှူတဲ့အခါမှာလည်း ရှေးခေတ် အသုံးအဆောင် အဆင်အယင် အခမ်းအနားတွေအတိုင်း ပြင်ဆင်ပြီး သွားရောက်ကပ်လှူပါတယ် ''ဟု ၎င်းက ပြောသည်။
အသင်းကြီး၏ ဝါတွင်းသုံးလအတွင်း အာရုံဆွမ်းဆက်ကပ်လှူဒါန်းသည့်အစီအစဉ်မှာ မန္တလေးမြို့တွင်းရှိ တန်ခိုးကြီးဘုရား ၁၄ ဆူအား နှစ်စဉ် ဝါဆိုလဆန်း ၈ ရက်နေ့တွင် မဟာမုနိဘုရားကြီးမှစတင်၍ အာရုံဆွမ်းများ ဆက်ကပ်လှူဒါန်းကြပြီး သီတင်းပတ်တိုင်း အလှည့်ကျဘုရားများသို့ သွားရောက်ဆက်ကပ်ကြကာ သီတင်းကျွတ်လပြည့်နေ့၌ အိမ်တော်ရာစေတီတွင် ဝါတွင်းကာလ၏ အာရုံဆွမ်း အလှူဒါန ပြီးဆုံးကြောင်း သိရသည်။
'ဒီလိုအာရုံဆွမ်းကပ်လှူတဲ့အခါမှာလည်း ပုံမှန်အားဖြင့် အလှည့်ကျဘုရားမှာ စုရပ်အနေနဲ့ အသင်းသားတွေ အားလုံး နံနက် ၃ နာရီမှာ တွေ့ဆုံဝတ်တက်ပြီး အာရုံဆွမ်းဆက်ကပ်ကြပေမယ့် ထူးခြားမှုအနေနဲ့ကတော့ တော်သလင်းလပြည့်နေ့မှာ အလှည့်ကျတဲ့ ကျောက်တော်ကြီးဘုရားကို အာရုံဆွမ်းကပ်တဲ့ အခါမှာတော့ အဖိတ်နေ့ကတည်းက အသင်းသားစုံညီစွာ ဝတ်ဖြူစင်ကြယ်ဝတ်ဆင်ပြီး ရှေးယခင် အဆင်အယင် အခမ်းအနားအတိုင်း တစ်ရက်ကြိုတင်သွားရောက် ပြင်ဆင်လေ့ရှိပါတယ်။ ဒီလိုသွားတဲ့ လမ်းတစ်လျှောက်မှာလည်း အလှူရှင်တွေက စောင့်ဆိုင်းလှူဒါန်းပြီး အကျွေးအမွေးတွေနဲ့ ဧည့်ခံကြတဲ့ မြင်ကွင်းဟာ အလွန်စည်ကားပြီး ကြည်နူးစရာ ကောင်းလွန်းလို့ ကျွန်တော်တို့ အသင်းကြီးအတွက်သာမက မန္တလေးမြို့တော်ရဲ့ ဂုဏ်ပုဒ်ကို ဖော်ထုတ်တဲ့ နေ့တစ်နေ့လို့ ပြောချင်ပါ တယ် ''ဟု အသင်းကြီး၏ အတွင်းရေးမှူးဖြစ်သူ ဦးခင်မောင်ဝင်းက ပြောသည်။
လက်ရှိတွင် အဆိုပါအသင်းကြီးကို အသင်းသား ၂၀ဝ ကျော်ဖြင့် ဖွဲ့စည်းကာ ကုသိုလ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ် ဝါတွင်းကာလ အလှူဒါနများကိုလည်း အသင်းသားများ၏ စုပေါင်းလှူဒါန်းမှုဖြင့်သာ အစဉ်အလာမပျက် ဆောင်ရွက်လာခဲ့သည့် ဗုဒ္ဓဘာသာမြန်မာလူမျိုးများအတွက် ဂုဏ်ယူစရာကောင်းသည့် ဘာသာရေးအသင်းကြီးအဖြစ် ယနေ့တိုင် ရှင်သန်ရပ်တည်လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


