လယ်ဝေး ၁၂ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံ ပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးနှင့် ဆောင်ရွက်မှုအကောင်း ဆုံးဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က အဖွင့်အမှာစကားပြောကြားရာတွင် လူထုဗဟိုပြုစီမံကိန်းဖြင့် ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးသည့် စီမံကိန်းလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြည်သူနှင့်ဝန်ထမ်း ဟန်ချက်ညီညီပူးပေါင်း၍ ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ နောင်လာမည့် စီမံကိန်းများကိုလည်း ယခုလူထုဗဟိုပြုစီမံကိန်းကဲ့သို့ပင် စနစ်တကျအောင်မြင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့်ပြောကြားသည်။ ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမိထွေးက လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြို့နယ်များအား ရှင်းလင်းပြောကြားပြီး လယ်ဝေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က မြို့နယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သည့် လူထုဗဟိုပြုစီမံကိန်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျေးရွာစီထောက်ကော်မတီများက လုပ်ငန်းဆောင်ရွက်မှုများအား အဖွဲ့(၇)ဖွဲ့ခွဲ၍ သုံးသပ်တင်ပြသည်။ ဆက်လက်၍ လယ်ဝေးမြိုနယ် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း)တွင် ဆောင်ရွက်မှု အကောင်းဆုံးကျေးရွာအုပ်စု (၃)အုပ်စုနှင့် ကျေးရွာ(၃)ရွာတို့အား ရွေးချယ်၍ ဆုများပေးအပ်ချီးမြှင့်သည်။
လယ်ဝေးမြို့နယ် လူထုဗဟိုပြုစီမံကိန်းကို (၂၀၁၅-၂၀၁၆)ဘဏ္ဍာနှစ်တွင် စတင်ခဲ့ကာ ယခုစတုတ္ထနှစ် စက်ဝန်းပြီးစီးခဲ့ပြီး (၄)နှစ်တာကာလအတွင်း လမ်းတံတားလုပ်ငန်း (၇၆၄)ခု၊ အဆောက်အဦ (၂၄၂)ခု၊ ရေပေးဝေရေးလုပ်ငန်း (၂၅)ခု၊ မီးလင်းရေးလုပ်ငန်း (၆၁)နှင့် အခြားလုပ်ငန်း (၁၁၁)ခု စုစုပေါင်း စီမံကိန်း (၁၂၀၃)ခုအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


