နေပြည်တော် ၁၂ စက်တင်ဘာ
ကျောင်းကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်မှု ခြုံငုံသုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိသော ကျောင်းသားလူငယ်များ၏ ကျန်းမာရေး အသိပညာမြင့်မားသော နေထိုင်မှုပုံစံဖြင့် နေထိုင်ခြင်း၊ ကျန်းမာရေးအဆင့် မြင့်မားလာခြင်းဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအဆင့် မြင့်မားကောင်းမွန်လာနိုင်မည် ဖြစ်သဖြင့် တစ်နိုင်ငံလုံး၏ ကျန်းမာရေးသည် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်သူများ၏ လက်တစ်ကမ်းတွင် ရှိနေပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနရှိ ကျောင်းအုပ်ကြီးများ၊ ကျောင်းဆရာ/ ဆရာမများနှင့် ကျောင်းသားများ၏ ပူးပေါင်းစွမ်းဆောင်မှုဖြင့် အောင်မြင်နိုင်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် လူနာများဘေးကင်းလုံခြုံရေး ကျန်းမာရေး သတင်းအချက်အလက်စနစ် ပိုမိုအားကောင်းရေး၊ ကျန်းမာရေး အသိပညာမြှင့်တင်ရေးတို့ကို ဦးစားပေးဆောင်ရွက်နေသကဲ့သို့ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ဦးစားပေး၍ ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ကျောင်းကျန်းမာရေးလုပ်ငန်းများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည့် (၂၀၂၀/၂၀၂၁) ရန်ပုံငွေတွင် စီမံချက်များ ထည့်သွင်းလျာထားရေးဆွဲသည့်အပြင် နိုင်ငံတော်ဘဏ္ဍာငွေမှလည်း ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ကျောင်းကျန်းမာရေး အဖွဲ့ပေါင်း (၈၀)ရှိပြီး ဝန်ထမ်းအင်အား အပြည့်မရှိသော မြို့နယ်များတွင် ဆရာဝန်များသာမက သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်များ၊ မြို့နယ်ကျန်းမာရေးမှူးများကိုပါ လိုအပ်သလို ထည့်သွင်းဖွဲ့စည်း သွားမည်ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် မိမိတို့အနေဖြင့် အားသာချက်များ၊ နည်းပညာဆိုင်ရာ/ စီမံခန့်ခွဲမှုဆိုင်ရာ/ အုပ်ချုပ်မှုဆိုင်ရာနှင့် ပစ္စည်းကိရိယာဆိုင်ရာ စိန်ခေါ်မှုများကို သုံးသပ်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ၏ အဓိကဇာတ်ကောင်များသည် ကျောင်းအုပ်ကြီးများ၊ ကျောင်းဆရာ/ ဆရာမများ၊ မိဘဆရာအသင်းများ၊ ကျောင်းသားများဖြစ်သည့်အတွက် ၎င်းတို့၏ ပိုင်ဆိုင်မှုအသိ (Sense of Ownership) ရှိရန်အဓိကကျပါကြောင်း၊ ပြည့်စုံသောကျောင်း ကျန်းမာရေးလုပ်ငန်းများအတွက် (၅)နှစ်တာမဟာ ဗျူဟာစီမံကိန်း (၂၀၁၇-၂၀၂၂)ကို ချမှတ်ရေးဆွဲထားခဲ့ရာ ၎င်းစီမံကိန်းအရ မဟာဗျူဟာများသုံး၍ မည်မျှအကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကို ယခုအလုပ်ရုံဆွေးနွေးပွဲ၌ အဓိကသုံးသပ်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် "ကျောင်းကျန်းမာရေးစီမံချက်အား ခြုံငုံတင်ပြခြင်း" ခေါင်းစဉ်ဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေး) ဒေါက်တာမြင့်မြင့်သန်းနှင့် "အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်နှင့် မျှော်မှန်းရလဒ်များ" ခေါင်းစဉ်ဖြင့် ညွှန်ကြားရေးမှူး (ကျောင်းကျန်းမာ) ဒေါက်တာဖြူဖြူအေးတို့က တင်ပြကြသည်။
ယင်းနောက် ကျောင်းကျန်းမာရေးဆိုင်ရာ ကြုံတွေ့ရသည့် အခက်အခဲများ၊ ဆေးနှင့် ဆေးပစ္စည်းလိုအပ်မှု၊ သက်ဆိုင်ရာကျောင်းနှင့် မိဘဆရာအသင်းတို့၏ ပူးပေါင်းဆောင်ရွက်နေမှုတို့ကို သက်ဆိုင်ရာကျောင်းကျန်းမာရေး တာဝန်ခံများက တင်ပြကြပြီး ကျောင်းကျန်းမာရေးလုပ်ငန်းများ ယခုထက်ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြုံပြုတင်ပြကြသည်။
သတင်းစဉ်


