နေပြည်တော် ၁၂ စက်တင်ဘာ
    


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နိုင်ငံတော်သမ္မတရုံးမှ ပေးပို့ထားသော ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့ စည်းခြင်း၊ ပယ်ဖျက်ခြင်းနှင့် အမည်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို တင်ပြ၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
    

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွှန့်က လွှတ်တော်နှစ်ရပ် ကွဲလွဲသော ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
    

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့်  စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
    

ဆက်လက်၍ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရငွေသုံးငွေဆိုင်ရာများကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် နာယက က သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များ၏ သဘောထားမေးမြန်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။


ယင်းနောက် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေအကြောင်း အရာများကို ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက တစ်ပိုဒ်ချင်းစီ အလိုက် အဆိုတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။


ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၉၁ အပိုဒ်ခွဲ(က) နှင့်အညီ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်ထားသည့် ၂၀၁၉ - ၂၀၂၀ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်လုံးကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်သွင်းအပ်ပါကြောင်း ပြောကြားသည်။
    

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန်  လွှတ်တော်၏အဆုံးအဖြတ်ရယူရာ သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။
    

ဆက်လက်၍  ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ မူသဘောဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
    

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်ကောက်ဥပဒေကြမ်းပါ အခန်း(၆) ကုန်သွယ်လုပ်ငန်းခွန် အခန်း၊ အပိုဒ် (၁၄)၊ အပိုဒ်ခွဲ(က) စားသောက်ကုန်စည်များ ဇယားအမှတ် စဉ်(၈)တွင် ဖော်ပြပါရှိသည့် ကြံ၊ သကြား၊ ထန်းလျှက်၊ ကြံသကာ၊ နို့၊ နို့ဆီ၊ နို့စိမ်း၊ နို့မုန့်အမျိုးမျိုး၊ ပဲနို့ဟူသည့် ဖော်ပြချက်နှင့် စပ်လျဉ်း၍ ကယားပြည်နယ် ရှားတောမဲ ဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းနှင့် မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုးတို့မှ ဆွေးနွေးသွားမှုရှိပါကြောင်း။
    

လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၏ ဆွေးနွေးမှုနှင့်အညီ ပြင်ဆင်ဖော်ပြသင့်သည့် နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုး ဖော်ပြချက်သည် ဥပဒေကြမ်းတွင်ပါရှိသည့် နို့နှင့်စပ်လျဉ်းသည့် စားသောက်ကုန်များအတွက် အဓိပ္ပာယ်ပေါ်လွင်စေသောကြောင့် သင့်လျော်မှုရှိပါကြောင်း၊ ကုန်စည်ပါဝင်မှုကို အသေးစိတ်ဖော်ညွှန်းလိုမှုရှိမည်ဆိုပါက နို့နှင့် နို့ထွက်ပစ္စည်းဆိုသည်မှာဆိုသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်အား သီးခြားမှတ်ချက်ဖြင့် ဖော်ပြရန်လိုအပ်ပါက ဥပဒေကြမ်းတွင် ထည့်သွင်းဖော်ပြသင့်ပါကြောင်း ပြန်လည်ရှင်းလင်း ပြောကြားသည်။


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားအားလုံးပိုင်ဆိုင်ပြီး ပြန်လည်အစားထိုးဖြစ်တည်နိုင်ခြင်းမရှိသည့် သယံဇာတများကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် နိုင်ငံအတွင်းဈေးကွက်ဖြစ်ထွန်းစေရေး အကောင်အထည်ဖော် ဆောင်ရွက်ရပါကြောင်း၊ ထို့ကြောင့် နှစ်စဉ် ရတနာပြပွဲများတွင် တင်ပြရောင်းချသည့် ကျောက်စိမ်း အတွဲများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန၏ ကြီးကြပ်မှုနှင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီကဈေးကွက်အနေအထားနှင့် ဝယ်လိုအားပေါ် မူတည်၍ တစ်နှစ်လျှင် နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ရတနာပြပွဲ (၂)ကြိမ်နှင့် မြန်မာကျပ်ငွေဖြင့် ရောင်းချပြပွဲ (၁) ကြိမ် ကျင်းပလျက်ရှိပါကြောင်း။
    

ကျောက်မျက်ရတနာများကို အရိုင်းအတိုင်း ရောင်းချခြင်းထက် တန်ဖိုးမြှင့်ထုတ် ကုန်အချောထည် Value Added များ ထုတ်လုပ်ရောင်းချနိုင်မှသာ ကျောက်မျက်ရတနာများနှင့် တန်ဖိုးမြှင့်ဈေးနှုန်းကို ရရှိနိုင်မည်ဖြစ်ပြီး နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများ၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ရတနာပြပွဲများတွင်လည်း ကျောက်စိမ်းအရိုင်းအတွဲများကို ဈေးကွက်လိုအပ်ချက်အရ ဝယ်လိုအားနှင့် ရောင်းလိုအားအပေါ် ချိန်ညှိ၍  အတွဲအရေအတွက် ကန့်သတ်ရောင်းချစေခြင်း၊ ကျောက်စိမ်းအချောထည်အတွဲများကို အတွဲအရေအတွက် အကန့်အသတ်မရှိ လက်ခံရောင်းချခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း။
    

ထို့ပြင် သက်ဆိုင်ရာ ကျောက်မျက်အသင်းများကို ပြပွဲများကျင်းပပြီး လွတ်လပ်စွာ ရောင်းချခွင့်ပေးခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၄) ၊ ပုဒ်မ ၂၉၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၄)တို့အရ နိုင်ငံခြားသုံးငွေနှင့် ရောင်းချတင်ပို့ခွင့်ရှိသည့် ကျောက်မျက်ရတနာပြပွဲများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်၊ ဝန်ကြီးဌာန၏ ကြီးကြပ်မှုနှင့်  ကျင်းပရမည်ဖြစ်ပါကြောင်းကို ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ခွဲငယ်(၃)၊ ပုဒ်မ ၂၉၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၃)နှင့် ပုဒ်မ ၄၁၊ ပုဒ်မခွဲ(ဇ)တို့အရ ဝန်ကြီးဌာနမှ ခွင့်ပြုသည့် သက်ဆိုင်ရာဒေသများတွင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ ကြီးကြပ်မှုနှင့် ကျောက်မျက်ပြပွဲများ ကျင်းပရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်မျက်ရတနာပြပွဲများကို မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီသာ ကျင်းပနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
    

ယင်းဆွေးနွေးချက်များအပေါ် စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ မင်းရဲပိုင်ဟိန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ဆက်လက်ဆွေးနွေးကြသည်။


ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံဒေသအတွင်း မော်တော်ယာဉ်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ အပြန်အလှန် အသိအမှတ်ပြုရေး အစီအစဉ်အား မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြရာတွင် အဆိုပါအစီအစဉ်ကို ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်း(AEC)အတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရာ၌ ယုံကြည်နားလည်မှုများ ရရှိလာနိုင်ခြင်း၊ ကုန်စည်များ လွတ်လပ်စွာ စီးဆင်းမှုနှင့်အတူ တစ်ခုတည်းသော ဈေးကွက်ဖော်ဆောင်နိုင်သော ထုတ်လုပ်မှုဖြစ်စေခြင်း၊ အကဲဖြတ်ခြင်းရလဒ်များကို အပြန်အလှန်အသိအမှတ် ပြုနိုင်မည်ဖြစ်ခြင်း၊ နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍လည်း ကုန်သွယ်မှုတွင် မလိုအပ်သော အတားအဆီးများ ဖယ်ရှားနိုင်မည်ဖြစ်ခြင်း၊ အဖွဲ့ဝင်နိုင်ငံများနည်းတူ အာဆီယံနိုင်ငံများ၏ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်နှင့် ကမ္ဘာ့ကုန်သွယ်မှုနှင့် နည်းပညာဆိုင်ရာ အတားအဆီးကတိ ကဝတ်များကို  ဖော်ဆောင်နိုင်မည်ဖြစ်ခြင်း၊ UN စည်းမျဉ်းများ၏ နည်းပညာလိုအပ်ချက်များနှင့် တပြေးညီ ညှိနှိုင်းဆောင်ရွက်လာနိုင်ခြင်း၊ Regional Mutual Arrangement ရှိပြီးဖြစ်၍ အာဆီယံပြင်ပနိုင်ငံများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရာတွင်လည်း လွယ်ကူလာမည်ဖြစ်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါကြောင်း။
    

ထို့ကြောင့် အာဆီယံဒေသအတွင်း မော်တော်ယာဉ်ဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ အပြန်အလှန် အသိအမှတ်ပြုရေးအစီအစဉ်ကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ်(၁၁/၂၀၁၉)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၁၇/၂၀၁၉)သို့ တင်ပြခွင့်ပြုချက် တောင်းခံခဲ့ရာ သဘောတူခွင့်ပြုချက်များ ရရှိခဲ့ပြီးဖြစ်ပါသဖြင့်  ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုချက်ရယူနိုင်ရေးအတွက် ဆက်လက်တင်ပြရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
    

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက လူထုဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ အမေရိကန်ဒေါ်လာ ၁၈၅ သန်းချေးငွေ ရယူရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
    

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်းက စီမံကိန်း၏ ရည်ရွယ်ချက်မှာ ရပ်ရွာလူထု၏ စွမ်းဆောင်ရည် မြင့်မားရေးအပေါ် အခြေတည်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားလာစေပြီး လူနေမှုအဆင့်အတန်းမြင့်မားလာကာ သဘာဝဘေးအန္တရာယ် ရင်ဆိုင်တုန့်ပြန်နိုင်စွမ်း အားကောင်းလာစေရန်ဟု ပါရှိသဖြင့် အထူးကြိုဆိုပါကြောင်း၊ ထို့ကြောင့် အကောင်းအထည်ဖော်မည့် အဖွဲ့အစည်းသည် ဝတ္တရားအရမဟုတ်ဘဲ အမှန်တကယ် ကျေးလက်မှ ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး၊ ကျေးရွာထုတ်ကုန်တိုးတက်လာရေး၊ ဈေးကွက်ထုတ်ကုန် တိုးတက်ရေး၊ ဈေးကွက် ရှာဖွေချိတ်ဆက်နိုင်အောင် နည်းပညာပေးနိုင်ခြင်း စသည်တို့ကို အမှန်တကယ် မြေပြင်တွင် အကောင်အထည်ဖော်နိုင်အောင် ကြိုးစားပေးရန် လိုအပ်ပါကြောင်း၊ ချေးငွေဆိုသည်မှာ ကိုယ်ပိုင်ငွေ မဟုတ်သဖြင့် စိစစ်သုံးစွဲရန် လိုအပ်သကဲ့သို့ အလွဲသုံးစားမှု၊ အဂတိ၊ ဘက်လိုက်မှုများ ကင်းရှင်းရေး၊ လုပ်ငန်းများ အရည်အသွေးမီရေးတို့အတွက် ပိုပြီးလုပ်ဆောင်ရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။
    

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်းက ယခုချေးငွေသည် အတိုးနှုန်းသက်သာစွာဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးယူမည်ဖြစ်သော်လည်း တစ်ချိန်ချိန်တွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည့်အတွက် အကျိုးခံစားရမည့် ကျေးရွာလူထုများသို့ ထိထိမိမိအကျိုးဖြစ်စေရန် အရေးကြီးသဖြင့် သက်ဆိုင်ရာဌာနက နည်းမှန်လမ်းမှန်ဖြင့် ကြီးကြပ်ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် ငွေကြေးဆိုင်ရာ ကိစ္စရပ်များသည် အလေအလွင့်နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရန်လည်း တိုက်တွန်းလိုပါကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးရေးနောက်ကျသော ဒေသများတွင် ယခုကဲ့သို့ စီမံကိန်းလုပ်ငန်းများဆောင်ရွက် အကောင်အထည်ဖော်မှုသည် နိုင်ငံတော်၏ပုံရိပ်သည်လည်း ကောင်းမွန်လှပါကြောင်း၊ ထို့ကြောင့် ကျေးလက်ဒေသများအတွက် အကျိုးကျေးဇူးများစွာရှိသည့် စီမံကိန်းဖြစ်သောကြောင့် အဆိုပါချေးငွေအား  ရယူသင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
    

အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ဆိပ်ကမ်း မဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်မေသန်းနွဲ့၊ လေရှီး မဲဆန္ဒနယ်မှ ဦးကျော်ဌေး၊ နန်းယွန်း မဲဆန္ဒနယ်မှ ဦးဝမ်းလှ၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၊ အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချိုနှင့် ဖာပွန် မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်တို့က ဆက်လက်ဆွေးနွေးကြသည်။
    

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ကို စက်တင်ဘာ ၁၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ရဲသွင်၊ အေးအေးသန့်

 

1