ရန်ကုန် ၁၃ စက်တင်ဘာ
မြန်မာ့ဆန် ပိုမိုရောင်းချနိုင်ရန်အတွက် အာဖရိကသို့ ဆန်စပါးဈေးကွက်ရှာဖွေရန် လာမည့်အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သွားရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးသင်းချုပ်မှ သိရသည်။
“အသင်းကနေ ဦးဆောင်ပြီးတော့ အစိုးရရဲ့အဖွဲ့အစည်းပါအောင် စီးပွားကူးသန်းက တာဝန်ရှိသူတွေလိုက်ပါဖို့ ဖိတ်ကြားမှာပေါ့။ ဖိတ်ကြားပြီးသွားမယ်။ အဲလိုသွားဖို့ညှိနှိုင်းဆဲဖြစ်ပါတယ်။ အောက်တိုဘာလထဲမှာ သွားဖို့မှန်းထားပါတယ်။ အာဖရိကကို ဈေးကွက်ရှာဖွေဖို့သွားတာက ဆန်အမျိုးအစားထက် များများဝယ်နိုင်ဖို့ကိုပဲဦးတည်တာပါ။ သူတို့ဘာလိုချင်လဲပေါ့။ သူတို့လည်း တဖြည်းဖြည်းနဲ့ ဆန်ကွဲအပြင် အဆင့်မြင့်ဆန်ဝယ်ယူမှု တိုးလာပါပြီ။ အဆင့်မြင့်ဆန်ကိုလည်း စိတ်ဝင်စားလာတဲ့အနေအထား ရှိပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယအမှုဆောင် အရာရှိချုပ်ဦးမြင့်လွင်က ပြောသည်။
အာဖရိကသို့ ဆန်စပါးဈေးကွက် သွားရောက်ရှာဖွေရာတွင် အစိုးရအဖွဲ့မှ တာဝန်ရှိသူများပါဝင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို လိုက်ပါရန် ဖိတ်ကြားသွားမည်ဖြစ်ပြီး လက်ရှိတွင် ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
အများအားဖြင့် အာဖရိကဈေးကွက်သည် ဆန်အကျိုးအကြေများကိုသာ ဝယ်လိုအားများသည့်အတွက် အခြားဆန် အမျိုးအစားများနှင့် အရေအတွက်အများအပြား ရောင်းချနိုင်ရန်ရည်ရွယ်၍ အာဖရိကသို့ သွားရောက်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
အာဖရိကဈေးကွက် နိုင်ငံများသို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်အထိ ဆန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန်ချိန် ၅ သိန်းခန့်နှင့် ဆန်ကွဲမက်ထရစ်တန်ချိန် ၁၈၀ဝ၀ ကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ပြည်ပတင်ပို့မှုစာရင်းများအရ သိရသည်။
သူရိန်ကျော်


