မြိတ် ၁၃ စက်တင်ဘာ
၂၀၁၉ခုနှစ် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နိုင်ငံတစ်ဝှမ်းတွင် “လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်း တို့ကာကွယ်” ဆောင်ပုဒ်ဖြင့် ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပုလဲရတနာခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ၁၉၉၇ခုနှစ်မှစတင်၍ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ချမှတ်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေကို ၂၀ဝ၅ခုနှစ်တွင် ပြဋ္ဌာန်းကာ ပထမ(၅)နှစ်၊ ဒုတိယ(၅)နှစ်၊ တတိယ(၅)နှစ်စီမံကိန်းတို့ကို (၂၀၁၇)မှ(၂၀၂၁)ခုနှစ်ထိ ရေးဆွဲ၍ ကဏ္ဍပေါင်းစုံမှ အကောင်အထည်ဖော်လျက်ရှိကာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို အဆင့်ဆင့်သောတားဆီးကာကွယ်ရေးအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၈ခုနှစ်အတွင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့်(၁)မှု၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့်(၂)မှု၊ ရာဇသတ်ကြီးဥပဒေအရ လူမှောင်ခိုမှုဖြင့်(၂)မှု အရေးယူနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွင်း ယနေ့အထိ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေဖြင့် အဓမ္မပြည့်တန်ဆာခိုင်းစေမှု (၂)မှု၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေဖြင့်(၂)မှု၊ ရာဇသတ်ကြီးဥပဒေအရ လူမှောင်ခိုမှုဖြင့်(၁)မှု အရေးယူနိုင်ခဲ့ကြောင်း မြိတ်လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စိတ်(၁)မှ သိရသည်။
သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မြိတ် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ပြောကြားသည့် မိန့်ခွန်း အား မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့် က ဖတ်ကြားသည်။
ထိုနောက် အခမ်းအနား တက်ရောက်လာကြသူများအား မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက် ပညာပေးဗီဒီယိုကို ပြသပေးခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ပညာပေးပြခန်းနှင့် ဆုရကျောင်းသား/သူများ၏ ပြိုင်ပွဲဝင်လက်ရာများကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


