မြိတ် ၁၃ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်အမျိုးသမီး ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် မြိတ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဌဖလား (၄) မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီ က မြို့မအားကစားကွင်းတွင် ကျင်းပခဲ့သည်။
ဗိုလ်လုပွဲကို ပုလောမြို့နယ်အသင်းနှင့် ကျွန်းစုမြို့နယ်အသင်းတို့ ယှဉ်ပြိင်ကစားခဲ့ကြရာ အားကစား ဝါသနာရှင်များ၊ ပြည်သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် ပုလောမြို့ နယ်အသင်းနှင့် ကျွန်းစုမြို့နယ်အသင်းတို့သည် ယှဉ်ပြိုင်ချိန်ပြီးဆုံးသည်အထိ (၁)ဂိုးစီသရေကျခဲ့သဖြင့် ပယ်နယ်တီ ကန်ခဲ့ကြရာ ပုလောမြို့နယ်အသင်းက စုစုပေါင်း(၅)ဂိုး(၃)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပခဲ့ရာ ဒုတိယဆုရရှိသော အသင်းအား လည်ဆွဲဆုနှင့် ငွေသားဆု၊ ပထမဆုရရှိသောအသင်းအား လည်ဆွဲဆုနှင့်ငွေသားဆုတို့ကို တာဝန်ရှိသူများက အသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြပြီး ပထမရရှိသော အသင်းအား မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး က တံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ်ပြန်/ဆက်)


