တန့်ဆည် ၁၃ စက်တင်ဘာ  


စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် ကျေးရွာခြင်းဆက်လမ်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်ရေကျော်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်တွင် ဒေါင့်ကြီးကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ကွန်ကရစ်ရေကျော်သည် ညောင်ကုန်းကျေးရွာအဝင် မိုးတွင်းကာလ လယ်ကြား မြောင်းရေများ ရေဆိုးများ စီးဆင်းရာမြောင်းကို ပြုလုပ်ခြင်းဖြစ်ပြီး အရှည်ပေ ၂၅၀၊ အကျယ် ၁၈ ပေ နှင့် အမြင့်ထု(၁၀)လက်မရှိပြီး မြစ်ကြီးနားမြို့နယ်၊ နန်ကျင်ကျေးရွာ သီရိဓမ္မာတောရ ကမ္မဌာနကျောင်းတိုက် နာယကဆရာတော် ဦးသံဝရ၏ မတည်လှူဒါန်းငွေနှင့် ကျေးရွာပြည်သူများ၏ လှူဒါန်းငွေများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း(၅၀) ကုန်ကျခဲ့ကြောင်း သိရသည်။


ဖွင့်ပွဲသို့ ရေကျော်ဖြစ်မြောက်ရေးအဖွဲ့များ၊ ဒေါင့်ကြီး အ.ထ.က(ခွဲ) ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာပြည်သူများ တက်ရောက်ကြပြီး အဆိုပါကွန်ကရစ်ရေကျော်ကြောင့် ဒေါင့်ကြီး၊ ညောင်ကုန်း နှင့် ဇီးဖြူကုန်းကျေးရွာများ မိုးတွင်းကာလ သွားလာဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။


ညိုထွန်း(တန့်ဆည်)