ရန်ကုန် ၁၃ စက်တင်ဘာ


Grab နှင့် နိုင်ငံတကာ လူမှုကယ်ဆယ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် Samaritan’s Purse တို့သည် လူကုန်ကူးမှုအကြောင်း အသိပညာပေးရန် တစ်နှစ်အတွင်း ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှ သိရသည်။


အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဆိုပါ ရာဇဝတ်မှုများကို တားဆီးတိုက်ဖျက်နိုင်ရန် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။ 


Grab နှင့် Samaritan’s Purse တို့အကြား ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် လူကုန်ကူးမှုနှင့် ပတ်သက်သော ပညာပေး အချက်အလက်များကို ရေးသားပုံဖော်ပြီး Grab အက်ပလီကေးရှင်းအတွင်းနှင့် ဆိုရှယ်မီဒီယာပေါ်တွင် မျှဝေသွားမည်ဖြစ်သည့်အပြင် GrabTaxi များအတွင်းတွင်လည်း ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့်အတူ ခရီးသည်များ အလွယ်တကူ သတိပြုနိုင်မည့် စတေကာများနှင့် လက်ကမ်းစာစောင်များထားရှိပေးမည် ဖြစ်ကြောင်း သိရသည်။


ယခုကဲ့သို့ Grab နှင့် Samaritan’s Purse တို့၏ ပူးပေါင်းလုပ်ဆောင်မှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သော မိတ်ဖက်ယာဉ်မောင်း (၂၀ဝ) ကျော် ပူးပေါင်းပါဝင်ခဲ့သည့် Grab Myanmar ၏ ဒုတိယအကြိမ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် Samaritan’s Purse မှ ပထမဦးဆုံးအနေဖြင့် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး အသိပညာပေးခြင်း အစီအစဉ်တစ်ခုကို ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။


သံသယရှိဖွယ် လူကုန်ကူးမှုများကို တွေ့ရှိရပါက အကြောင်းကြားနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖုန်းနံပါတ်များ ထားရှိပေးပြီး ဝ၉ ၄၉၅၅၅၆၆၆ (သို့မဟုတ်) ဝ၉ ၄၉၅၅၅၉၉၉ သို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သိရသည်။


MDN