ဒီးမော့ဆို ၁၃ စက်တင်ဘာ
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဖိုရပ် ကျင်းပပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တစ်နှစ်ထက်တစ်နှစ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်လျက်ရှိရာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) လုပ်ငန်းတစ်ခုဖြစ်သည့် နိုင်ငံခြားဝက် မျိုးကောင်းမျိုးသန့် မွေးမြူရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဒီးမော့ဆို မြို့နယ်၊ ဒေါကလိုးခူကျေးရွာအနီးရှိ ဝက်မွေးမြူရေးခြံသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ယနေ့နံနက် ၁၀ နာရီက လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွားရောက် ကွင်းဆင်းကြည့်ရှုခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့တိုအား ဝက်မွေးမြူရေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် De Heus Co.,Ltd မှ တာဝန်ရှိသူ တစ်ဦး က ဝက်မွေးမြူရေးလုပ်ငန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် အချိန်မှစ၍ ယခု လက်ရှိ မွေးမြူရေးဆောင်ရွက်နေသည့် အခြေအနေအထိ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်အား ပါဝါပွိုင့်ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဝက်မွေးမြူရေးခြံများအား လှည့်လည် ကြည့်ရှုခဲ့သည်။
အဆိုပါ ဝက်မွေးမြူရေးလုပ်ငန်းအား လာရောက် ရင်းနှီးမြှုပ်နှံခြင်းသည် ကယားပြည်နယ် အစိုးရအနေနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ဖိတ်ခေါ်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သူများ အနေဖြင့် အဆင်ပြေစေရေး အကောင်းဆုံးပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိနေသည့်အတွက်ကြောင့်ဖြစ်ပြီး ပြည်နယ်အနေနှင့် ရေမြေသဘာဝအခြေခံကောင်းများရှိပြီး ကုန်စည်စီးဆင်းမှုအတွက် အချက်အခြာကျသည့် နေရာတွင်တည်ရှိခြင်း စသော အားသာချက်များကြောင့် လာရောက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မွေးမြူသည့် ဝက်မျိုးစိတ်အနေဖြင့် ပြင်သစ်နိုင်ငံမှ Topigs Norsvin ဝက်မျိုးကောင်း မျိုးသန့်ဖြစ်ပြီး သားပေါက်နှုန်းအနေနှင့် တစ်ကြိမ်လျှင် ကောင်ရေ(၂၀)အထိ အမြင့်ဆုံး ပေါက်ပွားနိုင်ကြောင်း၊ ဒေသဝက်နှင့်နှိုင်းယှဉ်မည်ဆိုပါက အသားတိုးနှုန်း (၂)ဆခန့်အထိ မြင့်မားပြီး အသားအရည်အသွေး များစွာ ကောင်းမွန်ကြောင်း၊ လက်ရှိ မွေးမြူရေးဆောင်ရွက်မှုအနေဖြင့် ဝက်သိုး(၂၁)ကောင်နှင့် ဝက်မ(၂၀ဝ)ကောင် စုစုပေါင်း ဝက်ကောင်ရေ (၂၂၁) ကောင်ဖြင့် စတင် ဆောင်ရွက်နေကြောင်း၊ အဆိုပါ ဝက်များမှ ထပ်မံပွားများ လာမည့် ဝက်များအား ဒေသခံများသို့ ထပ်ဆင့် ရောင်းချပေးသွားမည်ဖြစ်ပြီး လိုအပ်သော နည်းပညာနှင့် အကူအညီများလည်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ပမာဏမှာ မြန်မာကျပ်ငွေဖြင့် သိန်းပေါင်း (၄)သောင်းခန့် ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး အဆိုပါလုပ်ငန်းသည် အရှေ့တောင်အာရှဒေသ တွင် ခေတ်အမီဆုံး ဝက်မွေးမြူရေး Farm လုပ်ငန်း တစ်ခုလည်းဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


