နေပြည်တော် ၁၃ စက်တင်ဘာ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇) မှ ဒေါ်သန်းသန်းအေးက “မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ ဆင်တဲကျေးရွာ ကျေးလက် ကျန်းမာရေးဌာန(ခွဲ) အဆောက်အအုံသစ်အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့သည်။

အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြန်လည်ဖြေကြားရာတွင် မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ဆင်တဲကျေးလက်ကျန်းမာရေးဌာနတွင် သားဖွားဆရာမ (၁)ဦးနှင့် ကျန်းမာရေးကြီးကြပ် (၂)ဦးတို့ဖြင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွဲ့စည်းပုံရှိပြီး ရွာပေါင်း (၉) ရွာ၊ အိမ်ခြေပေါင်း (၁၁၄၉) အိမ်၊ လူဦးရေ (၄၄၅၈) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါကြောင်း၊ ယခုအခါ ဆင်တဲကျေးလက်ကျန်းမာရေး အဆောက်အဦမှာ ပျက်စီးယိုယွင်းနေပါကြောင်း၊ 

ကျေးလက်ကျန်းမာရေးဆေးခန်းနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးသင့် ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှာ ၂၅-၆-၂၀၁၉ ရက်စွဲပါ စာအမှတ်၊ ၁၁၈၁/မကတ/၁က/လွှတ်တော်/၂၀၁၉ ဖြင့် ထောက်ခံတင်ပြထားပါကြောင်းနှင့် ဆင်တဲကျေးလက်ကျန်းမာရေးဌာနခွဲဆေးခန်းနှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနပိုင် ပုံစံ ၁၀၅/၁၀၆ လက်ဝယ်ရရှိပြီးဖြစ်သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ သို့ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အဆောက်အဦများ ဆောက်လုပ်ရန် လျာထားရာ ၂၈-၃-၂၀၁၉ ရက်နေ့တွင် လျာထားဆောင်ရွက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး လုပ်ငန်းစိစစ်ညှိနှိုင်းရေး အဖွဲ့တွင် ၄-၄-၂၀၁၉ ရက်နေ့နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အရအသုံးခန့်မှန်းခြေ ငွေစာရင်းကို ၂၆-၄-၂၀၁၉ ရက်နေ့တွင် စိစစ်ခံခဲ့ရပြီးဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ဆင်တဲကျေးလက်ကျန်းမာရေးဌာနခွဲဆေးခန်းနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်တွင် ပါဝင်ခြင်းမရှိသော်လည်း ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်စီမံကိန်းတွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

MDN