နေပြည်တော် ၁၃ စက်တင်ဘာ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်က “ခံတွင်းကင်ဆာ ဖြစ်စေနိုင်သော ဓာတုဗေဒပစ္စည်းများသုံး၍ ထုတ်လုပ်နေသော ကွမ်းသီးနှင့် ကွမ်းယာလုပ်ငန်းများ အပေါ် မည်ကဲ့သို့ ထိန်းသိမ်းကြပ်မတ်မည်ကို သိရှိလိုခြင်း”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့သည်။


အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က “ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေ (၂၀ဝ၆)တွင် ကွမ်းယာနှင့် ကွမ်းသီးစားသုံးမှုထိန်းချုပ်ရန် ထည့်သွင်းပြဋ္ဌာန်းထားခြင်း မရှိသေးပါကြောင်း၊ သို့သော်လည်း National Institute of Cancer Prevention and Research, Nodia, India ရှိ WHO Framework Convention on Tobacco Control (FCTC) Global Knowledge Hub on Smokeless Tobacco မှ ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနည်းပါးသည့် နိုင်ငံများတွင် ဆေးရွက်ကြီးပါသည့် ကွမ်းယာစားသုံးမှုကြောင့် ကြုံတွေ့နေရသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် ခိုင်မာသည့် မူဝါဒသတ်မှတ်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အရှေ့တောင် အာရှဒေသအတွင်းရှိ နိုင်ငံ(၂)နိုင်ငံကို နည်းပညာထောက်ပံ့ပေးမည် ဖြစ်ကြောင်း ဆေးရွက်ကြီးပါ ကွမ်းစားထိန်းချုပ်ခြင်းဆိုင်ရာမူဝါဒ ပေါ်ပေါက်လာရေးအတွက် အစည်းအဝေးကို ၂၀၁၉ခုနှစ် နှစ်ကုန်ပိုင်းတွင် ဆောင်ရွက်ရန် လျာထားပြီး ဖြစ်ပါကြောင်း။

ထို့ပြင် (Framework Convention of Tobacco Control – FCTC) (2030) Project အရ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေကို အသစ်ပြန်လည်ရေးဆွဲရန် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆေးရွက်ကြီးပါသော ကွမ်းစားသုံးမှုထိန်းချုပ်ရန် ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်း၍ ဥပဒေအရ ထိန်းချုပ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၁ခုနှစ်၊ ဇွန်လ ၁၅ရက်နေ့ရက်စွဲပါ အစိုးရရုံးများလိုက်နာရန် စည်းကမ်းများသတ်မှတ်ခဲ့ပြီး နိုင်ငံတော်ပိုင်ရုံး၊ ဌာနများတွင် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းတို့ကို တင်းကြပ်စွာ တားမြစ်ရန် ပြန်ကြားလွှာထုတ်ပြန်ခဲ့ပါကြောင်း၊ တည်ဆဲဆေးလိပ်၊ ဆေးရွက်ကြီးထွက် ပစ္စည်းထိန်းချုပ်ရေးဥပဒေအရ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ ထူထောင်သကဲ့သို့ ဆေးရွက်ကြီးပါ ကွမ်းစားသုံးမှု လျော့နည်းအောင် သက်ဆိုင်ရာပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ရုံးဌာနများမှ စည်းကမ်းသတ်မှတ်၍ ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ကွမ်းယာနှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲခြင်းကြောင့် ဖြစ်ပွားသောရောဂါများနှင့် သေဆုံးမှုများကို ကာကွယ်လျော့ချရန် မီဒီယာမှတစ်ဆင့် တစ်နိုင်ငံလုံး လူထုလှုံ့ဆော်ပွဲများကို ပြည်တွင်းပြည်ပအဖွဲ့အစည်းများကြီးများဖြစ်သည့် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း (Vital Strategies) စသော အဖွဲ့များနှင့် ပညာရှင်များ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့မှစ၍ ရက်သတ္တပတ် (၆)ပတ်ကြာမြင့်အောင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ကွမ်းယာစားသုံးမှုလျော့နည်းကျဆင်းမှုတစ်ခုတည်းကို ဦးတည်လျက် လူထုအား အသိပညာ တိုက်ရိုက်ပေးနိုင်သော ဗီဒီယို၊ ရေဒီယို၊ ပိုစတာတို့နှင့် ထုတ်လုပ်ဖြန့်ချိခြင်း၊ သတင်းစာရှင်းလင်းပွဲများ၊ ဆောင်းပါးများ၊ ရုပ်မြင်သံကြား အမေးအဖြေများပြုလုပ်ခြင်း၊ ဗီဒီယိုဖိုင် (၂)ခုကို နိုင်ငံတော်နှင့် ပုဂ္ဂလိကပိုင် ရုပ်မြင်သံကြား အစီအစဉ်များမှ အစီအစဉ် TV Channel များမှတစ်ဆင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသို့ ရက်သတ္တပတ် (၆)ပတ်ကြာ ထုတ်လွှင့်ပေးပြီး ရေဒီယိုအသံဖိုင် တစ်ခုကို နိုင်ငံတော်နှင့် ပုဂ္ဂလိက ရေဒီယိုအစီအစဉ်များ၊ FM၊ AM၊ Radio Channel များမှတစ်ဆင့် အလားတူထုတ်လွှင့်ပေးခြင်း၊ နံရံကပ်ပိုစတာများ၊ စတစ်ကာပိုစတာများဖြင့် နိုင်ငံအနှံ့ Sticker Campaign များဆောင်ရွက်ခြင်း၊ Social Media မှတစ်ဆင့် ဖြန့်ချိခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

နိုင်ငံအနှံ့ရှိ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေးဌာနများတွင် အသုံးပြုရန် ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ FDA အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဌာနမှ Mobile Lab Van များဖြင့် ဈေးကွက်သို့ သွားရောက်၍ ရှောင်တခင်စစ်ဆေးရာတွင် ကွမ်းသီးများတွင် Sodium Hydrosulphate (Sulphating Agent) များ သုံးခြင်းရှိ/ မရှိ စစ်ဆေးပေးခြင်းကို စီစဉ်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၇ခုနှစ်တွင် ဈေးပေါင်း (၁၉)နေရာမှ နမူနာပေါင်း (၅၄)မျိုး ကောက်ယူစစ်ဆေးခဲ့ရာ Detected (၁၃)မျိုး၊ Non-detected (၄၁)မျိုး၊ ၂၀၁၈ခုနှစ်တွင် ဈေးပေါင်း (၁၅)နေရာမှ နမူနာပေါင်း (၂၈)မျိုး ကောက်ယူစစ်ဆေးခဲ့ရာ Detected (၂)မျိုး၊ Non-detected (၂၆)မျိုးနှင့် ၂၀၁၉ခုနှစ်တွင် ဈေးပေါင်း (၁၀)နေရာမှ နမူနာပေါင်း (၁၄)မျိုး ကောက်ယူစစ်ဆေးခဲ့ရာ Non-detected (၁၄)မျိုး တွေ့ရှိခဲ့ရပါကြောင်း။

ယခုအခါ တိုင်းဒေသကြီး၊ ပြည်နယ် (၁၅)ခုသို့ Mobile Lab Van များ ပေးပို့ထားပြီး အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဈေးကွက်ထောက်လှမ်းစစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ဓါတုပစ္စည်းများသုံး၍ ထုတ်လုပ်နေသော ကွမ်းသီးနှင့် ကွမ်းယာလုပ်ငန်းအပေါ် ကြပ်မတ်ထိန်းသိမ်းရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းအနေဖြင့် ဆောင်ရွက်ရန်အတွက် ခက်ခဲပါကြောင်း၊ ကွမ်းသီးသည် ပြုပြင် ထုတ်လုပ်ထားသော အစားအသောက်မဟုတ်၍ တာရှည်ခံရန်နှင့် အရောင်ချွတ်ဓာတုပစ္စည်းများ သုံးစွဲခြင်းကို ထိန်းချုပ်ခြင်းသည် FDA မှ တိုက်ရိုက်ဆောင်ရွက်ခြင်းမရှိဘဲ ကွမ်းယာနှင့် ကွမ်းသီး ထည့်သွင်းစားသုံးသည့်ပစ္စည်းများ တင်သွင်း/တင်ပို့ခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ လက်လီလက်ကားရောင်းချခြင်းများနှင့် ပတ်သက်၍ အကန့်အသတ်ဖြင့်သာ လိုင်စင်ထုတ်ပေးခြင်း၊ စည်းကမ်းသတ်မှတ်ခြင်း၊ ထိန်းကွပ်ခြင်း၊ ကြီးကြပ်ခြင်းများကို သက်ဆိုင်ရာဌာနများဖြစ်သည့် စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အကောက်အခွန်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီ အစရှိသည့် သက်ဆိုင်ရာဌာနများအားလုံးမှ တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ မိမိတို့သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပါက မိမိတို့ရည်မှန်းထားသော ကျန်းမာရေးနှင့် ပတ်သက်ပြီး၊ ကွမ်းသီး၊ ကွမ်းယာနှင့် ပတ်သက်သော ရောဂါများဖြစ်ပွားမှုကို ကျဆင်းနိုင်မည်ဖြစ်ပါကြောင်း။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဆေးရွက်ကြီးပါသော ကွမ်းစားသုံးမှုလျော့ချမှု ဆိုင်ရာမူဝါဒ ရေးဆွဲရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများနှင့် အဖွဲ့အစည်းများ အားလုံးကို ဖိတ်ခေါ်၍ ပါဝင်ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားခဲ့သည်။

MDN