နေပြည်တော် ၁၃ စက်တင်ဘာ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်းက “ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ခုတင်(၅၀)ဆံ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများအပါအဝင် ကျန်းမာရေးဌာနနှင့် ဌာန (ခွဲ)များတွင် ဆေးဝါးပစ္စည်းများ လုံလောက်စွာထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့သည်။

အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အောက်ပါအတိုင်း ဖြေကြားခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ခုတင် (၅၀)ဆံ့၊ မြို့နယ်ဆေးရုံ(၁)ရုံ၊ တိုက်နယ်ဆေးရုံ(၂)ရုံ၊ ကျေးလက်ကျန်းမာရေးဌာန (၁၅)ခု မိခင်နှင့်ကလေးကျန်းမာရေးဌာန(၁)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၅၉)ခု ဖွင့်လှစ်ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆေးနှင့်ဆေးပစ္စည်းများဝယ်ယူရန် ပထမအကြိမ်ရန်ပုံငွေ (၂၀၁၀.၉၃)သိန်း ခွဲဝေချထားပေးခဲ့ပါကြောင်း၊ အဆိုပါပထမရန်ပုံငွေမှ ချင်းပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ပလက်ဝမြို့နယ်အောက်ရှိ ကျန်းမာရေးဌာနများအတွက် (၂၃၇.၅) သိန်း (၁၁.၈%) တန်ဖိုးရှိသော ဆေးနှင့်ဆေးပစ္စည်း (၂၁)မျိုး အား ဖြန့်ဖြူးပေးခဲ့ပါကြောင်း၊ စုစုပေါင်းဌာန (၁၁)ခုအတွက် ကျပ် (၇၆.၁၄)သိန်းတန်ဖိုးရှိ ဆေးနှင့် ဆေးပစ္စည်းများကိုလည်းကောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုအတွက် ဆေးနှင့် ဆေးပစ္စည်း (၁၅)မျိုး တန်ဖိုး (၄.၁၄)သိန်း၊ စုစုပေါင်းဌာန (၃၉)ခုအတွက် ကျပ် (၁၆၁.၃၄)သိန်း တန်ဖိုးရှိပစ္စည်းများကိုလည်းကောင်း အသီးသီးဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒုတိယအကြိမ် ရန်ပုံငွေကျပ် (၅၂၈.ဝ၆)သိန်း ခွဲဝေချထားမှုမှ ပလက်ဝမြို့နယ်ရှိ ကျန်းမာရေးဌာနများအတွက် ကျပ် (၈၅.၄)သိန်း (၁၆.၂%) တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်း (၁၃)မျိုးအား ၂၀၁၉ ခုနှစ် စက်တင်ဘာလမကုန်မီ ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ထားရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနတစ်ခုအတွက် ဆေးနှင့်ဆေးပစ္စည်း (၁၃)မျိုး တန်ဖိုး (၁.၆၅)သိန်း ကျပ် စုစုပေါင်း ဌာန (၁၆)ခုအတွက် (၂၆.၄)သိန်း တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်း များကိုလည်းကောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုအတွက် ဆေးနှင့်ဆေးပစ္စည်း (၁၁)မျိုး တန်ဖိုး ကျပ် (၁) သိန်း စုစုပေါင်း (၅၉)ခုအတွက် ကျပ် (၅၉)သိန်း တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကိုလည်းကောင်း ၂၀၁၉ ခုနှစ် စက်တင်ဘာလမကုန်မီ ဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ (၁၇၇၃.၁၄)သိန်း ခွဲဝေချထားပေးရန် လျာထားသောကြောင့် ၁၁ ရာခိုင်နှုန်း တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ဝယ်ယူဖြန့်ဖြူးနိုင်ရန် လျာထားလျက်ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပလက်ဝမြို့နယ်ဆေးရုံအတွက် ကျပ်သိန်း (၂၀ဝ)ကျော် တန်ဖိုးရှိဆေးနှင့် ဆေးပစ္စည်းများ အားလည်းကောင်း၊ ပလက်ဝမြို့နယ် ဆမီးတိုက်နယ်ဆေးရုံအတွက် ကျပ်သိန်း (၉၀)တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများအားလည်းကောင်း၊ ပလက်ဝမြို့နယ် မီးဇာတိုက်နယ်ဆေးရုံအတွက် ကျပ်သိန်း (၉၀) တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများအားလည်းကောင်း ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပလက်ဝမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ပြည်သူလူထုအား ကျန်းမာရေးပညာပေးခြင်းကို အကြိမ်ပေါင်း (၁၅၄၈)ကြိမ်ဆောင်ရွက်ခဲ့ပြီး ပြည်သူလူထုစုစုပေါင်း ၃၈၃၂၁ ဦးအား ကျန်းမာရေးအသိပညာပေးခဲ့ကြောင်း ကျန်းမာရေးပညာပေးရာတွင် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တိုင်းဒေသပြည်နယ်များသို့ မိုဘိုင်းတက်ဘလက်များ ဖြန့်ဝေပေးလျက်ရှိပါကြောင်း၊ ဖြန့်ဝေရန်ကျန်ရှိနေသော ချင်းပြည်နယ်အပါအဝင် တိုင်းဒေသကြီးပြည်နယ် (၇) ခုရှိ ကျန်းမာရေးဝန်ထမ်းများအသုံးပြုနိုင်ရန်အတွက် မိုဘိုင်း တက်ဘလက်များ (၁၄၀ဝဝ) မကြာမီရရှိမည်ဖြစ်ပါ၍ ရရှိလာပါက ဖြန့်ဝေအသုံးပြုနိုင်ရန် စီစဉ်ထားရှိပါကြောင်း၊ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ချင်းပြည်နယ် ပလက်ဝမြို့တွင် တိုင်းရင်းဆေးကုဌာနတစ်ခု ဆောက်လုပ်နိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ရန်ပုံငွေလျာထာပြီး ဖွဲ့စည်းပုံခွင့်ပြုပါက ဝန်ထမ်းများခန့်ထား၍ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ၂၅.၁.၂၀၁၉ ရက်နေ့တွင် ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေ အခန်း(၁)၊ ပုဒ်မ ၂၊ (ဌ)၌ ကန့်သတ် ဆေးကုသခွင့်လိုင်စင်ဆိုသည်မှာ တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအစဉ်အလာအတိုင်းကုသသည့် စနစ်များကို ကောင်စီက လက်တွေ့၊ စာတွေ့စီစစ်၍ ရောဂါအမျိုးအစား၊ ကုသခွင့်ပြုသည့်ဒေသတို့အား ဤဥပဒေအရ ထုတ်ပေးထားသော ဆေးကုသခွင့်လိုင်စင်ကို ဆိုလိုသည် ဟု ဖော်ပြထားသည့်အတွက် ဒေသခံတိုင်းရင်းဆေးဆရာများအနေဖြင့် ကန့်သတ်ဆေးကုသခွင့်လိုင်စင် လျှောက်ထားနိုင်မှာဖြစ်ပါကြောင်း၊ မိခင်နှင့်ကလေး ကျန်းမာရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိသည့်အတွက် ၂၀၁၇ ခုနှစ်တွင် မိခင်သေဆုံးမှုမှာလျော့ကျလာကြောင်း၊ ဆက်လက်လျှော့ချနိုင်ရန်အတွက် မဟာမိတ်အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ အလှူရှင်များအကူအညီဖြင့် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ကလေးကျန်းမာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးနှင့်ဆေးပစ္စည်းများ၊ လုပ်ငန်းသုံးအထောက်အကူ ပစ္စည်းများကို ချင်းပြည်နယ်အပါအဝင် တိုင်းဒေသပြည်နယ်များ အားလုံးသို့ ဖြန့်ဝေပံ့ပိုးလျက်ရှိပြီး ဆက်လက်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြေကြားအပ်ပါတယ်။

MDN