ပဲခူး ၁၃  စက်တင်ဘာ 

ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်သည် (၈၈၀) စင်တီမီတာထက် ကျော်လွန်ပြီး (၉၁၇) စင်တီမီတာသို့ ရောက်ရှိလာရာ ရေဘေးရှောင်စခန်း (၂၆) ခုထိ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ရေဘေးရှောင် ပြည်သူများအတွက် ဆက်သွယ်လှူဒါန်းနိုင်ရန် ပဲခူးမြို့ ရွှေမော်ဓော ဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေး စီမံခန့်ခွဲမှု ကော်မတီဗဟိုဌာနအဖြစ် ဖွင့်လှစ်ထားရှိရာ ပဲခူးမြို့နယ်အတွင်းရှိ ရေဘေး ရှောင်စခန်း (၂၆) ခု၌ ယနေ့ မွန်းလွဲစာရင်းအရ အိမ်ထောင်စု (၄၅၁၆)၊ လူဦးရေ (၂၁၇၁၈) ဦးရှိပြီး ၎င်းတို့၏ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ သန့်ရှင်းရေးကိစ္စများ အတွက်လည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း ပဲခူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးထံမှ သိရသည်။

"လောလောဆယ်တော့ စားဝတ်နေရေးပဲလိုပါတယ်။ အဓိက က ဆန်၊ ဆီလိုပါတယ်။ ရေက တရိပ်ရိပ် တက်လာတော့ အိမ်မှာ အစားသောက်တွေက ပျက်စီးသွားမှာပဲ။ နောက်ပြီး အလုပ်တွေပျက်ပြီး မလုပ်နိုင်မဆင်းနိုင်တော့ စားဖို့အခက်အခဲရှိပါတယ်။ ဒါကြောင့်ရေပြန်ကြပြီးရင် ပြန်လည်ထူထောင်ရေးအတွက် အစားအသောက်တွေ လိုပါတယ်" ဟုမြို့သစ် ရေဘေးရှောင်စခန်းမှ တာဝန်ခံက ပြောကြားသည်။

ဟိန်းထက်(ပဲခူး)