ရန်ကုန် ၁၃ စက်တင်ဘာ
တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ဥယျာဉ်လမ်းရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြား ရေးမှူးရုံး(ရန်ကုန်တိုင်းဒေသကြီး)၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က အမှာစကားပြောကြားပြီး အနောက် ပိုးကရင်၊ အရှို(ချင်း)၊ ငွန်း(ချင်း)၊ ဟွာလ်ငို(ချင်း)၊ မွန်၊ ရှမ်း၊ စကောကရင်၊ ဥ(ပ်)ပူး (ချင်း)၊ ခေါင်စို(ချင်း)၊ ပလောင်၊ ဇိုတုန်(ချင်း)၊ ဒိုင်(ချင်း) စာပေယဉ်ကျေးမှု အသင်း အဖွဲ့များမှ တာဝန်ရှိသူများအား တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များကို ပေးအပ် သည်။
ထို့နောက် တိုင်းရင်းသားစာပေယဉ်ကျေးမှု အသင်းအဖွဲ့များ၏ကိုယ်စား အရှို(ချင်း) စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီ(ရန်ကုန်) ဥက္ကဋ္ဌ ဆလိုင်းထွန်းလှိုင် က ကျေးဇူးတင်စကား ပြောကြားသည်။
တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံး (ရန်ကုန်တိုင်းဒေသကြီး) တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လဲ့လဲ့ငွေက “ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ခုနစ်ခုစီရှိတယ်။ အဲဒီမှာ တိုင်းဒေသကြီးမှာ ရှိနေတဲ့သူ အများစုက မြန်မာစကားသုံးတာ များတယ်။ ပြည်နယ်တွေမှာ တိုင်းရင်းသားတွေက သူတို့ရဲ့ဘာသာစကားကိုပဲ ပြောကြတယ်။ ကလေးငယ်တွေက သူတို့ဘာသာ စကားကိုပဲ သူတို့သိတယ်၊ ကျောင်းတွေ တက်တဲ့ကြတဲ့အခါ ဗမာလိုသင်ရင် သူတို့ အဆင်မပြေတော့ဘူး။ ဗမာစကားကို သူတို့နားမလည်တဲ့အတွက်ကြောင့် ကျောင်းတက်တဲ့နှုန်းက တဖြေးဖြေး လျော့နည်း လာတယ်။ အဲဒါကြောင့် တိုင်းရင်းသား ၆၆ မျိုးကနေ သူတို့ဘာသာစကားကို ဘာသာပြန်ပေးဖို့ တောင်းဆိုလာတဲ့အတွက်ကြောင့် ယူနက်ဆက်နဲ့ တိုင်းရင်းသား စာပေနဲ့ယဉ်ကျေးမှုအသင်းအဖွဲ့တွေ ချိတ်ဆက်ပြီး ဘာသာပြန်တယ်။ ဘာသာပြန် ပြီး စာအုပ်တွေထုတ်ဝေဖို့ တင်ပြလာတယ်။ ပြည်ထောင်စုဝန်ကြီးရဲ့ သဘောတူညီ ချက်နဲ့ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုဦးစီးဌာနရဲ့ ဘတ်ဂျက်ကနေ ဒီစာအုပ်တွေ ကို သုံးနှစ်စာအတွက် ထုတ်လုပ်တာဖြစ်တယ်။ ဆရာကိုင်အပြင် တိုင်းရင်းသား ကလေးတွေ သူတို့ကိုယ်တိုင် ဒီစာအုပ်ကို အမြဲတမ်း ထိတွေ့နေမယ်၊ ပုံပြ ပုံပြင်စာအုပ်လေးတွေဖြစ်တဲ့အတွက် စိတ်ဝင်စားမယ်။ အတန်းတွေကြီးသွားတဲ့အခါ ဗမာစာရော၊ တိုင်းရင်းသားစာရော နားလည်သွားမယ်။ ဒါကြောင့် တိုင်းရင်းသား စာအုပ်ပေါင်း ၃၄ သိန်း ထုတ်ပါတယ်။ ရန်ကုန်တိုင်း အတွက် သုံးနှစ်စာမှာ တစ်သိန်း ကိုးသောင်းနဲ့ ခြောက်ရာ ရှစ်ဆယ့်သုံး ရှိပါတယ်”ဟု ပြောသည်။
သတင်း - ရီရီမြင့်၊ ဓာတ်ပုံ - ရဲထွဋ်


