နေပြည်တော် ၁၃ စက်တင်ဘာ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်းရေးဆွဲထားသော ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းဆောင်ရွက်မည့် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအတွက် လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ထုံးလုပ်နည်း(မူကြမ်း)နှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက ပတ်ဝန်းကျင်ဆန်းစစ်ခြင်းစနစ်တစ်ရပ်ကို အကောင်အထည် ဖော်ဆောင်ရွက်ရန် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးပါကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် ဖွံ့ဖြိုးမှုလုပ်ငန်းများ၊ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကြောင့် ဖြစ်ပေါ်နိုင်မည့် ဆိုးကျိုး သက်ရောက်မှုများနှင့် ဆက်စပ်သက်ရောက်မှုများကို စနစ်တကျ ဆန်းစစ်ဖော်ထုတ်၍ လျှော့ချနိုင်ရန် လုပ်ငန်းအစီအစဉ်များကို ချမှတ်ရခြင်းဖြစ်သည့်အတွက် ကဏ္ဍနယ်ပယ်ကျယ်ပြန့်၍ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း။

အဆိုပါ လိုအပ်ချက်အရ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းကို အရည်အချင်း ပြည့်မီသည့် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများနှင့် စီစဉ်ဆောင်ရွက်ရန်နှင့် လုပ်ထုံးလုပ်နည်းထုတ်ပြန်ရန် ပြဌာန်းသတ်မှတ်ထားပါကြောင်း၊ လုပ်ငန်းလိုင်စင် ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပြီး အဆိုပါ ရှင်းလင်းဆွေးနွေးမှုများမှ ရရှိသည့်အကြံပြုချက်များအပေါ် အခြေခံပြင်ဆင် ရေးဆွဲထားသည့် မူကြမ်းကိုအတည်ပြုထုတ်ပြန်နိုင်ရေးအတွက် ဆွေးနွေးအကြံပြုပါရန် ပြောကြားသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူး ဦးစအောင်သူက ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့်ဆောင်ရွက်မည့် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများအတွက် လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ထုံးလုပ်နည်း(မူကြမ်း)နှင့် ထပ်မံဖြည့်စွက်ထားသည့် အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသူများက လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ထုံး လုပ်နည်း (မူကြမ်း)နှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လုပ်ငန်းလိုင်စင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ် ခြင်းနှင့် ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်းအစီရင်ခံစာများကို ပြုစုရေးဆွဲကြမည့် တတိယပုဂ္ဂိုလ် (သို့မဟုတ်)အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် တိုးမြင့်လာစေရန်နှင့် အရည်အချင်းပြည့်မီသော ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း အစီရင်ခံစာများ တင်ပြလာစေရန်အတွက် ရည်ရွယ်၍ ပြုစုခြင်းခြင်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်