ရန်ကုန် ၁၃ စက်တင်ဘာ
မြန်မာယူနီကုဒ် စံစနစ်ကူးပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် သတင်း မီဒီယာ၊ စာနယ်ဇင်း အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲနှင့် သံတမန် ခန့်အပ်လွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့နယ် MICT Park ရှိ Conference Hall ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမှာ စကား ပြောကြားရာတွင် မြန်မာယူနီကုဒ်စံစနစ်ကို ကူးပြောင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ် များအတွက် အောက်တိုဘာ ၁ ရက်မှစတင်၍ အများပြည်သူအကြား တွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် သတင်းမီဒီယာနှင့်စာနယ်ဇင်းများမှ တက်ရောက်လာကြ သူများအနေဖြင့် ပြည်သူလူထုအကြား မြန်မာယူနီကုဒ်စံစနစ်နှင့် ပတ်သက်၍ ပိုမိုသိရှိ နားလည်ပြီး အသုံးပြုနိုင်ရေးအတွက် မီဒီယာများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြ ရန်လိုကြောင်း၊ မြန်မာယူနီကုဒ်စံစနစ်သည် နိုင်ငံတော် အစိုးရ၏ e-Government လုပ်ငန်းစဉ် အရှိန်အဟုန်ဖြင့်တိုးတက်လာစေရေးအတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပြီး ထိုမှတစ်ဆင့် သတင်းအချက်အလက်နှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်း၊
အစိုးရ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများအနေဖြင့် ပြည်သူများအား ဝန်ဆောင်မှုပေးရာတွင် တူညီသည့်စနစ်တစ်ခုကို အသုံးပြုခြင်းဖြင့် အပြန်အလှန် သိရှိ နားလည်ပြီး လုပ်ငန်းများလွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ယခုပြောင်းလဲအသုံးပြုသွားမည့် စံစနစ်သည် နိုင်ငံတကာနှင့် ကိုက်ညီသည့် စံစနစ် တစ်ခုဖြစ်သောကြောင့် နိုင်ငံတကာနှင့် ပေါင်းကူးဆက်ဆံရာတွင် သတင်းအချက်အလက်နှင့် နည်းပညာများ သွက်လက်မြန်ဆန်လာမည်ဖြစ်သည့်အတွက် ပြည်သူများနှင့် ထိတွေမှုများသော သတင်းမီဒီယာများနှင့် စာနယ်ဇင်းသမားများ အနေဖြင့် ဝိုင်းဝန်းကူညီပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အမှာစကားပြောကြားရာတွင် မြန်မာယူနီကုဒ် စံစနစ်ကို စတင်စိတ်ကူးခဲ့သည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိပြီဖြစ်သော်လည်း ယခုမှလက်တွေ့ အကောင်အထည်ဖော်ရန် စီစဉ် နိုင်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွက် အလွန်အရေးကြီးသည့် ကိစ္စကြီးတစ်ခုဖြစ် သဖြင့် မီဒီယာများ၏ ပူးပေါင်းပါဝင်မှုအားသည် အဓိကနေရာမှ ပါဝင်နေကြောင်း၊ ပြည်သူအားလုံးလိုက်ပါရန်လိုအပ်ပြီး မိမိတို့နိုင်ငံ၏ ညီညွှတ်မှုကိုပြသရန် အခွင့်အရေး တစ်ရပ်ပင်ဖြစ်ကြောင်း၊ အောက်တိုဘာ ၁ ရက်တွင် စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စတင် အကောင်အထည်ဖော်ရာတွင် အခက်အခဲတချို့ ရှိနိုင်သော်လည်း အချိန်အနည်းငယ်အတွင်း ပြေလည်သွားမည်ဟုယုံကြည်ကြောင်း၊ ထိုသို့အကောင် အထည်ဖော်ဆောင်မှုနှင့် ပတ်သက်၍ မီဒီယာများနှင့် ထပ်မံတွေ့ဆုံရန်ရှိကြောင်း၊ ယခုပြောင်းလဲမှုအတွက် မီဒီယာများ၏အားကိုလိုအပ်ကြောင်း၊ မီဒီယာများအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားလိမ့်မည်ဟု မိမိအနေဖြင့်ယုံကြည်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် (MCF) ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင် ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရသက်က မြန်မာယူနီကုဒ်စံစနစ်နှင့် စပ်လျဉ်း၍လည်းကောင်း၊ အထွေထွေ အတွင်းရေးမှူး ဦးသောင်းစုငြိမ်းက အများပြည်သူ အသိပညာပေးလုပ်ငန်း အစီအစဉ်များနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က မြန်မာယူနီကုဒ်စံစနစ် ကူးပြောင်းရေး သံတမန် ခန့်အပ်လွှာများကိုပေးအပ်သည်။ အဆိုပါ အခမ်းအနားကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ပူးပေါင်းပါဝင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် (MCF) က ဦးဆောင်ကာ ကျင်းပခြင်းဖြစ်ပြီး မြန်မာယူနီကုဒ်စံစနစ်ကို ပြည်သူများပိုမိုသိရှိ နားလည်လာနိုင်စေရန်နှင့် တွင်ကျယ်စွာ အသုံးပြုလာနိုင်စေရန်ရည်ရွယ် ၍ပြုလုပ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ သတင်းမီဒီယာကျင့်ဝတ်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးဇေယျာလှိုင်က``သတင်းမီဒီယာသမားဆိုတာ မီဒီယာကိုကြားခံ အသုံးပြုပြီး လူထုနဲ့ဆက်သွယ်တဲ့ အခါမှာ လူအများအဆင်ပြေနိုင်မယ့် နည်းလမ်းတွေကိုရှာဖွေ အသုံးပြုပြီးဆက်သွယ်ရတယ်။ ကျွန်တော်တို့ မီဒီယာသမားတွေ အနေနဲ့ကတော့ မီဒီယာသီအိုရီအရ ပရိသတ်ကို အလွယ်တကူ နားလည်အောင်ကြိုးစားရမှာပဲ။ ချက်ချင်းကြီး ပြောင်းလဲဖို့ဆိုရင် ဝန်ကြီးဌာနတွေအနေနဲ့ တော့ပြောင်းလဲလို့ ရကောင်းရနိုင်လိမ့်မယ်။ ဒါပေမယ့် လူထုပါဝင်ပြောင်းလဲဖို့ဆိုရင် သူတို့အတွက် အလွယ်တကူ အသုံးပြုနိုင်ဖို့ အကူအညီလိုအပ်တယ်။ အခုပြောင်းလဲမှုက ကောင်းပါတယ်။ အလွယ်တကူနဲ့ အများလိုက်ပါပြောင်းလဲ အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်´´ ဟု မီဒီယာများကိုပြောကြားသည်။
အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသာဦး၊ သတင်းမီဒီယာ၊ စာနယ်ဇင်း အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-လှမိုး


