ရန်ကုန် ၁၃ စက်တင်ဘာ
မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး ယာယီကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ်(၂၈) ကုက္ကိုင်းရိပ်သာလမ်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရုပ်ရှင်လုပ်ငန်းနှင့် ဆက်စပ်သော လုပ်ငန်းများမှ တာဝန်ရှိသူများ၊ သဘင်၊ ဂီတ အစရှိသည့် ရုပ်ရှင်နှင့် ဆက်စပ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာ့ရုပ်ရှင် ရာပြည့် အခမ်းအနား ကျင်းပနိုင်ရေး ယာယီကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မြန်မာ့ရုပ်ရှင် ရာပြည့် အခမ်းအနား ကျင်းပနိုင်ရေး ယာယီကော်မတီကို ယခုနှစ် သြဂုတ်လတွင် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန်(၄)ရပ် သတ်မှတ်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ အခမ်းအနား ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ မဖွဲ့စည်းနိုင်မီ ယာယီကော်မတီမှ ဦးစွာ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မြန်မာ့ရုပ်ရှင်ရာပြည့် အချိန်အခါ ရောက်ရှိချိန်တွင် မိမိတို့ ပါဝင်ဆောင်ရွက်ခွင့် ရရှိခြင်းအပေါ် ဂုဏ်ယူတန်ဖိုးထားပြီး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယခင်ကျင်းပပြီးစီးခဲ့သည့် မြန်မာ့ရုပ်ရှင်ငွေရတု၊ ရွှေရတု၊ စိန်ရတု အခမ်းအနား ကျင်းပမှုမှတ်တမ်းများသည် ယခုကျင်းပမည့် မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားအတွက်များစွာ အထောက်အပံ့ဖြစ်ပါကြောင်း၊ ယခင်ဆောင်ရွက်မှုများကို နမူနာယူ ဆောင်ရွက်မှုအပြင် နိုင်ငံတကာတွင် ကျင်းပနေသည့် ယခုကဲ့သို့ပွဲတော် ကျင်းပမှုများကိုလည်း လေ့လာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နှစ်တစ်ရာသက်တမ်း တစ်လျှောက်တွင် ထူထောင်တည်ဆောက်ခဲ့ကြသည့် ဘိုးဘေးမိဘများက ပေးခဲ့သော ရုပ်ရှင်အမွေအနှစ်များကို အလေးထားပြီး ယခုကျင်းပမည့် ပွဲတော်တွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိချိန်၌ စိတ်ကူးစိတ်သန်းအသစ်များဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စိုက်ထုတ်ပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့ရုပ်ရှင် ရာပြည့် အခမ်းအနားကျင်းပနိုင်ရေး ယာယီကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ရန်ကုန်တက္ကသိုလ် နှစ်တစ်ရာပြည့်ပွဲတော် ကျင်းပရေးတွင်လည်း တွဲဖက်အတွင်းရေးမှူး အနေဖြင့် ဆောင်ရွက်နေပါကြောင်း၊ ရန်ကုန်တွင်ကျင်းပမည့် ရုပ်ရှင်ရာပြည့်ပွဲတော်ကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော်သူ၊ မြို့တော်သားများက မြန်မာ့ရုပ်ရှင် ရာပြည့် အခမ်းအနား ရှိနေသည်ကို သိရှိနေစေရန် ရာပြည့်ပွဲတော်၏ အဓိကဖြစ်သော အနုပညာရှင်များက ဦးဆောင်၍ ပါဝင်ဆောင်ရွက်သကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း ပါဝင်ပံ့ပိုးကူညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက် မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး ယာယီကော်မတီ အတွင်းရေးမှူး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား ကျင်းပနိုင်ရန် ယာယီကော်မတီဖွဲ့စည်းမှု၊ ရာပြည့်အကြိုလှုပ်ရှားမှု အစီအစဉ်များနှင့်ရာပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပမည့် လျာထားအစီအမံကို ရှင်းလင်း တင်ပြသည်။
ထို့နောက် မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပနိုင်ရေး ယာယီကော်မတီ ဒုတိယဥက္ကဋ္ဌ (၃) မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ပွဲတော် အထိမ်းအမှတ် Logo၊ တေးသီချင်းနှင့် ပွဲတော်ကျင်းပမည့် နေရာရွေးချယ်သတ်မှတ်နိုင်ရေး၊ မြန်မာ့ရုပ်ရှင်စိန်ရတုပွဲတော် ကျင်းပခဲ့စဉ် အတွေ့အကြုံများနှင့် အကြံပြုချက်များကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ နာယကများ၊ အဖွဲ့ဝင်များ၊ ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံး၊ ပန်းချီပန်းပုအသင်း အဖွဲ့နှင့်ရုပ်ရှင်နှင့် ရုပ်မြင်သံကြား လုပ်ငန်းလုပ်ကိုင်သူများ၊ အနုပညာရှင်များနှင့် တက်ရောက်လာကြသူများက မြန်မာ့ရုပ်ရှင်ရာပြည့် အကြိုလှုပ်ရှားမှုများနှင့် ရာပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပမှုများတွင် ထည့်သွင်းဆောင်ရွက်သင့်သည့် အကြောင်းအရာများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
ထို့နောက် ယာယီကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ဆွေးနွေးချက်များအနက် ရာပြည့်အခမ်းအနား ကျင်းပရေး ရည်ရွယ်ချက်များကို အနှစ်သာရပြည့်ဝပြီး ပိုမိုကျစ်လစ်အောင်ပြုစုရန်၊ ရာပြည့်အခမ်းအနားလှုပ်ရှားဆောင်ရွက်မည့် အစီအစဉ်များကို သင့်လျော်သူများဖြင့် ဖွဲ့စည်းပြီး (Idea Bank) အဖြစ် စုစည်းဆောင်ရွက်ရန်၊ နိုင်ငံတကာတွင် ကျင်းပနေသည့် အလားတူ ပွဲတော်များမှ အချက်အလက်များ ရှာဖွေစုစည်းရေး Research & Development Team တစ်ခုဖွဲ့စည်းဆောင်ရွက်ရန်၊ ရာပြည့်အခမ်းအနားအထိမ်းအမှတ် LOGO၊ တေးသီချင်းနှင့် ဆောင်ပုဒ်များ ရရှိနိုင်ရေးပြိုင်ပွဲများ ဦးစွာကျင်းပပြီး ရွေးချယ် သတ်မှတ်အသုံးပြုနိုင်ရန်၊ ယာယီကော်မတီတွင် လုပ်ငန်းအဖွဲ့ (Working Group)ကို သင့်လျော်ရာ ပုဂ္ဂိုလ်များနှင့်ဖွဲ့စည်းပြီး ဆောင်ရွက်ရန်၊ ကျင်းပပြုလုပ်မည့် အစီအစဉ်များတွင် လူငယ်များ ပါဝင်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် စသည့် အကြောင်းအရာများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆုံးဖြတ်အတည်ပြုပြီးနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ပြည့်မြောက်မည့်မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားအတွက် ရာပြည့်အကြိုလှုပ်ရှားမှုများကိုယခုနှစ် အောက်တိုဘာမှ စတင်ဆောင်ရွက်ကြမည်ဖြစ်ပြီး ၎င်းတွင် ပါဝင်မည့်အစီအစဉ်များ အတည်ပြုသတ်မှတ်နိုင်ရန်နှင့် မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ်ပွဲတော်ကို ကျင်းပမည့် နေ့ရက်၊ ပွဲတော်ကာလနှင့် ပွဲတော်ကျင်းပမည့်နေရာများ ရွေးချယ်သတ်မှတ် ဆောင်ရွက်ရန်တို့ကို ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်ကာ သက်ဆိုင်ရာ အစည်းအဝေးများထပ်မံကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြားလမ်း အမှတ်(၅၀)ရှိ ရုပ်ရှင်အနုပညာရပ်ဝန်းမှ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၊ စာကြည့်တိုက်၊ စတူဒီယိုများ၊ အလှပြင်ခန်းနှင့် ရုပ်ရှင်ကြည့်ခန်းမတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


