ပဲခူး ၁၄ စက်တင်ဘာ
ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တွင်ဖွင့်လှစ်ထားရှိသော ပဲခူးတိုင်းဒေသကြီး ရေဘေးကယ်ဆယ်ရေးကွပ်ကဲမှုရုံး၌ ယမန်နေ့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပဲခူးမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများအတွက် ဆန်ရိက္ခာများထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေမှ ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှုနှင့် ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြားပြီး ဝန်ကြီးမှ ပဲခူးမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင် မြို့မိ/မြို့ဖ ဦးမောင်ဝင်းထံသို့ ပဲခူးမြို့နယ် အတွင်းရေဘေးရှောင်ခစန်း (၂၃) ခုရှိ လူဦးရေ(၁၃၈၃၅)ဦးအတွက် (၁)ဦးလျှင် (၁)ရက်စာ ဆန်(၂)ဘူးနှုန်းဖြင့် (၄)ရက်စာ (၂၄)ပြည်ဝင် ဆန်အိတ် (၄၉၅)အိတ် စုစုပေါင်းတန်ဖိုးငွေကျပ် (၁၁၅၄၀ဝ၀ဝ)အား ထောက်ပံ့ပေးခဲ့သည်။
ယင်းနောက် ရေဘေးရှောင်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကာ ဝန်ကြီးဦးညွန့်ရွှေက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး ပဲခူးမြို့တွင် ဖွင့်လှစ်ထားရှိသော ရေဘေးရှောင်စခန်းများသို့ သွားရောက်၍ ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း ရေဘေးရှောင်ပြည်သူများအတွက် သုံးရက်စာ (၁၉)ပြည်ဝင် ဆန်အိတ်(၅၄၉)အိတ်၊ ခေါက်ဆွဲခြောက် လူ(၁)ဦး (၁)ထုပ်နှုန်းဖြင့် (၃)ရက်စာ အထုပ်ပေါင်း(၄၁၅၀၅)ထုပ်၊ စုစုပေါင်း တန်ဖိုးငွေကျပ်(၉,၄၀၉,၉၅ဝ)တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း (၁၃-၉-၂၀၁၉)ရက်နေ့၊ မွန်းလွဲပိုင်းအထိ ပဲခူးမြို့နယ်တွင် (၂၆)ခု၊ ညောင်လေးပင်မြို့နယ်တွင် (၈)ခု၊ ရွှေကျင်မြို့နယ်တွင်(၁၁)ခု၊ စုစုပေါင်း ရေဘေးရှောင်စခန်း(၄၅)ခု ဖွင့်လှစ်ထားရှိပြီး အိမ်ခြေ(၅၆၄၆)၊ အိမ်ထောင်စု(၅၆၉၀)ခု၊ လူဦးရေစုစုပေါင်း(၂၇၇၀၅)ဦး ရှိကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


