တနင်္သာရီ ၁၄ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနနှင့် ဒုက္ခသည်များဆိုင်ရာ နော်ဝေကောင်စီ(NRC)အဖွဲ့တို့ ပူးပေါင်း၍ မြို့နယ်နှင့်သွားလာရေး ခက်ခဲသော သိန္ဓောကျေးရွာအုပ်စု အတွင်းမှ ကျေးရွာခွဲများရှိ ဒေသခံတိုင်းရင်းသားများနှင့် အခြေခံပညာ ကျောင်းသူ/ကျောင်းသားများကို အ.ထ.က(ခွဲ) သိန္ဓောရွာကျောင်း၌ စက်တင်ဘာ(၁၁ ရက်မှ ၁၃ ရက်)အထိ သုံးရက်တိတိ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို (အခမဲ့)ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်(လ.ဝ.က)မှ သိရှိရသည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ (လဝကမှူး)ဦးမြင့်စိုးနှင့် ဝန်ထမ်းများက NRC အဖွဲ့နှင့်ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ၄င်းသုံးရက်တာကာလအတွင်း လူဦးရေအိမ်ထောင်စု စာ ရင်း (၁ဝ၇)စောင်၊ အသက်(၁ဝ)နှစ်ပြည့် ၃(က)နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားသူ ကျောင်းသား(၄၄)ဦး၊ ကျောင်းသူ(၄၉)ဦး ပေါင်း(၉၃)ဦး၊ အသက်(၁၈)နှစ်ပြည့် ၆(က)ကတ် လျှောက်ထားသည့် ဒေသခံတိုင်းရင်းသား ကျား(၄၇) ဦး+ မ(၄၉)ဦး၊ ပေါင်း(၉၆)ဦး၊ စုစုပေါင်း နိုင်ငံသားကတ်ပြား လျှောက်ထားသူ(၁၈၉)ဦး တို့ကို ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။
အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားသူများကို နေ့ချင်းအပြီး (အခမဲ့)ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်လျှောက်ထား သူများအား မှန်ကန်မှုရှိ/မရှိကို ရုံးတွင်ပြန်လည် စိစစ်ပြီးလျှင် (အခမဲ့)ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်(လဝက)ဦးစီးမှူး ဦးဝင်းမော်ထံမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


