ပွင့်ဖြူ   ၁၄    စက်တင်ဘာ   
   

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေနှင့် စိုက်ပျိုးရေဖြန့်ဝေပေးမှုအခြေအနေများအား သိရှိနိုင်ရန်အတွက် ရည်ရွယ်ကာ စက်တင်ဘာ ၁၃ ရက်၊ နံနက် ၉ နာရီက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ နောက်ဆုံးနှစ်အကြိုလုပ်ငန်းခွင်သင်တန်း ကျောင်းသားကျောင်းသူ ၉ ဦးအဖွဲ့က ပွင့်ဖြူမြို့နယ်သို့ လာရောက်ပြီး ကွင်းဆင်းလေ့လာခဲ့ကြကြောင်း သိရသည်။ 


ထိုသို့ ကွင်းဆင်းလေ့လာရာတွင် ကျောင်းသားကျောင်းသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်၏ ဦးဆောင်မှုဖြင့် ပွင့်ဖြူမြို့နယ် ကုလားဟောင်းကျေးရွာ တောင်သူ ဒေါ်ခင်သီတာ၏ နှစ်ရှည်သီးနှံ သနပ်ခါးစိုက်ခင်း ဧက ၃၀ စိုက်ပျိုးထုတ်လုပ်မှု၊ ဧက ၂၀ လျှော်ဖြူ စိုက်ပျိုးထုတ်လုပ်နေမှုနှင့် ပန်းထိမ်မနိုင်ဘုရားပန်း သုည ဒသမ ၅၀ ဧက စိုက်ပျိုးထားရှိမှုများကို သွားရောက်လေ့လာရာ တောင်သူဒေါ်ခင်သီတာက  သီးနှံစိုက်ခင်းများအလိုက်  စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုနှင့် အကျိုးအမြတ်ဝင်ငွေရရှိမှုများကို လိုက်လံရှင်းလင်း ပြသခဲ့သည်။


ဆက်လက်၍ သင်တန်းသားများအဖွဲ့သည် ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အားထားရသည့် မဲဇလီရေလွှဲဆည်သို့ ရောက်ရှိပြီး မြို့နယ်အတွင်း စိုက်ပျိုးရေဖြန့်ဝေပေးမှုအခြေအနေများကို လေ့လာရာ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ SAE ဦးလာလ်ဒုကျင်မှုန် က တောင်သူများ ရာသီအလိုက် သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေး တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ စနစ်တကျ ရေဖြန့်ဝေပေးနေမှုများနှင့် ရေပေးဝေမြောင်းများ ကြံ့ခိုင်ကောင်းမွန်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်း ပြသပေးခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)