ကျောက်ပန်းတောင်း ၁၄ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တွင်းဖြူကျေးရွာအုပ်စု အင်ပင်ကြီးကျေးရွာတွင် ကိုယ်ထူကိုယ်ထ ဖောက်လုပ်ခဲ့သည့်၊ အင်ပင်ကြီး-ပွေးကျစ် ကျေးရွာချင်းဆက်လမ်းနှင့် ဘဝအလင်း ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲကို စက်တင်ဘာ(၁၄)ရက် နံနက်(၁၀)နာရီက အဆိုပါကျေးရွာ အဝင်မုဒ်ဦးတွင်ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ကျေးရွာချင်းဆက် မြေသားလမ်းအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကို၊ ကျေးလက်လမ်းဦးစီးမှူး ဦးစိုးဝင်း၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးစိုးမြင့်၊ အကျိုးတော်ဆောင် ဦးဇော်နိုင်ဦးနှင့် ဦးမြင့်လှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် ဘဝအလင်း ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲကို အဆိုပါ စာကြည့်တိုက်အဆောက်အဉီရှေ့တွင် ဆက်လက်ကျင်းပရာ၊ စာကြည့်တိုက်ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကို၊ လမ်းဦးစီးဌာန ဦးစီးမှူး ဦးစိုးဝင်း၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်မင်းဦး၊ အကျိုးတော်ဆောင် ဦးဇော်နိုင်ဦးနှင့် ဦးမြင့်လှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စာကြည့်တိုက်အတွင်း ကြည့်ရှုလေ့လာကြသည်။ ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ကျေးရွာ ဝတ်ကျောင်းဓမ္မာရုံတွင် ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က အဖွင့်မှာစကားပြောကြားပြီး၊ ညောင်ဦးခရိုင် ပြန်/ဆက်ဦးစီးဌာန ခရိုင်ဦးစီးမှူးက စာကြည့်တိုက် ရှေရှည်ရှင်သန်ခိုင်မာရေးနှင့် စာပေဖတ်ရှုလေ့လာရေးတို့ကို တိုက်တွန်းပြောကြားသည်။

ယင်းနောက် ဘဝအလင်းစာကြည့်တိုက်အတွက် ပြန်/ဆက်ဦးစီးဌာနနှင့် အလှူရှင်များက သုတ/ရသ စာအုပ်များ ပေးအပ်လှူဒါန်းကြရာ စာကြည့်တိုက်တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျေးရွာရပ်မိရပ်ဖ ဦးကံထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

အဆိုပါကျေးရွာချင်းဆက်လမ်းမှာ ကျောက်ပန်းတောင်း-ပွေးကျစ်လမ်းမကြီးမှ အင်ပင်ကြီးကျေးရွာသို့ ဆက်သွယ်ဖောက်လုပ်သည့် လမ်းဖြစ်ပြီး ကျေးရွာဒေသခံဖြစ်သည့် မတည်အလှူရှင် ဦးဝင်းမြင့်၊ ဒေါ်မေကြည်အောင်(မန္တလေးမြို့)မှ ဦးဆောင်၍ ရပ်နီး/ရပ်ဝေးမှ ဒေသဖွားများ၏ပံ့ပိုးကူညီမှုများဖြင့် ၂၀၁၅ ခုနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လမ်းအရှည် (၂)မိုင် (၄)ဖာလုံ၊ လမ်းအကျယ် (၂၅)ပေတွင် အရှည်(၂၄)ပေ၊ အကျယ်(၂၂)ပေရှိ သံကူကွန်ကရစ် တံတားတစ်ခု၊ ရေပွန်(၆)ခုတို့ပါဝင်ပြီး စုစုပေါင်းကုန်ကျငွေ ကျပ်သိန်း(၁၀ဝ၀)ခန့်ရှိကြောင်း၊ အဆိုပါမြေသားလမ်းအကြမ်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့်  ၂၀၁၉ ခုနှစ် ဩဂုတ် ၁ ရက်နေ့တွင် စက်ယန္တယားများ အကူအညီရယူကာ ဂျင်းမြေသားလမ်းအဆင့် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၅ ရက်နေ့တွင် လုပ်ငန်းပြီးစီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ သီးခြားရန်ပုံငွေဖြင့် အလျား(၂၄)ပေ၊ အနံ(၁၆)ပေရှိ သွပ်မိုးအုတ်ကာ တစ်ထပ်အဆောက်အဦ ကျေးရွာစာကြည့်တိုက်ကို ဖြိုးမောက်မြင့်ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့ပြီး လိုအပ်သည့် ပရိဘောဂနှင့် စာအုပ်စာစောင်များကို ကျေးရွာအလှူရှင်များက စုပေါင်းလှူဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)