ရန်ကုန် ၁၄ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ဖြစ်ပွားမှု လျော့နည်းစေရေးနှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် အပေါ့စား မီးသတ်ရေစုပ်စက်များကို ဖြန့်ဝေပေးအပ်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲက ဒလမြို့နယ် မီးသတ်ဦးစီးဌာနနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကျေးရွာ(၉)ရွာတို့အတွက် တစ်လုံးလျှင် (၂၈)သိန်းတန်ဖိုးရှိ အပေါ့စား မီးသတ်ရေစုပ်စက် (၁၅)လုံးကို မြို့နယ်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပေးအပ်ရာတွင် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ငြိမ်းအောင်က အပေါ့စားမီးသတ်ရေစုပ်စက် ပေးအပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး အုန်းလွင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ငြိမ်းအောင်နှင့် တာဝန်ရှိသူများက အပေါ့စားမီးသတ်ရေစုပ်စက် (၉)လုံးကို ပေးအပ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)


