မြစ်ကြီးနား ၁၄ စက်တင်ဘာ 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ဝိုင်းမော်မြို့နယ် နောင်ချိန်းကျေးရွာအုပ်စုအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ကျေးလက်နေပြည်သူ လူထုနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ(၇)ရွာ အကျိုးပြု ဗလမင်းထင်- နောင်ချိန်း- အင်ဂန်း- ခမ်းဘူ ကျေးရွာချင်းဆက်လမ်း (၂၁)မိုင်လမ်းအတွင်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့် နောင်ချိန်းကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာနခွဲ (၁)ထပ် အာစီအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှု၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) အတွင်း (၂)ထပ်အာစီ ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် မလိယန်ကျေးရွာသို့ ရောက်ရှိ၍ ကတ်သလစ်ဘုရားကျောင်းဝင်းအတွင်း၌ ကျေးလက်နေပြည်သူများနှင့်တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး လာရောက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး ကျေးရွာအတွက် ခေါက်ဆွဲခြောက်ဖာများနှင့် ရေသန့်ဘူးများကို ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။ ဆက်လက်၍ ကျေးရွာသူ/ကျေးရွာသားများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးက ဒေသအတွက်လိုအပ်သည့် ကျောင်းအဆင့်တိုးမြှင့်ပေးရေး၊ လမ်းနှင့်တံတားများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးရေး၊ ကျေးလက်ကျန်းမာရေး ဌာနခွဲရရှိရေး၊ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်များ ထုတ်ပေးရေးတို့ကို တင်ပြတောင်းဆိုရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဘတ်ဂျက် နှစ်အလိုက် လျာထားဆောင်ရွက်သွားမည့် အခြေအနေများကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မိုင်းနားကျေးရွာအုပ်စု မခေါယန်ကျေးရွာ မူလွန်ကျောင်းဆောင်သစ် ဆောင်ရွက်နေသည့်အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်သွားရေး၊ သတ်မှတ်ချိန်ပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)