မိတ္ထီလာ ၁၄ စက်တင်ဘာ
မိတ္ထီလာ၌ မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို စက်တင်ဘာ ၁၄ ရက် ညနေ ၂ နာရီက သမိုင်းဝင်ဖောင်တော်ဦး စေတီတော်အနီး ကန်ရေပြင်နှင့် စေတီတော်မုခ်ဦး အနီးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲကို ကျင်းပရာ အကြီးတန်းပြိုင်ပွဲတွင် အုတ်နှဲဘုတ် ဇာတိသွေးအသင်းအား လူးခင်းကြီးအသင်းကလည်းကောင်း၊ အငယ်တန်းပြိုင်ပွဲတွင် အုတ်နှဲဘုတ် ဇာတိမာန်အသင်းအား အင်းပက်လက် စတားမောင်မောင် အသင်းကလည်းကောင်း အနိုင်ရဗိုလ်စွဲသွားသည်။ အဆိုပါပြိုင်ပွဲတွင် အကြီးတန်း၌ ဒုတိယ အုတ်နှဲဘုတ် ဇာတိသွေး၊ တတိယ အုတ်နှဲဘုတ် ဝါးတန်းအောင်ခန့်၊ အငယ်တန်း၌ ဒုတိယ အုတ်နှဲဘုတ် ဇာတိမာန်၊ တတိယ နွားစမ်းတောင် ရင်သွေးငယ် (ခ) တို့အသီးသီး ဆုရရှိကြပြီး ဂုဏ်ပြုဆုငွေများ၊ ဆုဖလားနှင့် ဆုတံဆိပ်များကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသန်း၊ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်စိုးအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသန်းဌေးဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်၊ စေတီတော်ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစိုးနိုင်ထွေးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်သည်။
အဆိုပါ (၁၃၆)ကြိမ်မြောက် သမိုင်းဝင်ဖောင်တော်ဦး စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် မြန်မာ့ရိုးရာလောင်းလှေပြိုင်ပွဲကို တော်သလင်းလဆန်း ၈ ရက်နေ့မှ တော်သလင်းလပြည့်ကျော် ၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး အကြီးတန်း ၆ သင်း၊ အငယ်တန်း ၂၁ သင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


