ထားဝယ် ၁၄ စက်တင်ဘာ 


မီးဘေးလုံခြုံရေး စီမံချက်ပါအဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များ နားလည်သဘောပေါက်ပြီး အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက စနစ်တကျ ဆောင်ရွက်တတ်စေရန်၊ မီးသတ်ဦးစီးဌာန၏ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြိမ်းသတ်ခြင်း ဆိုသော မြန်(၃)မြန်စနစ်အား အထောက်အကူဖြစ်စေရန် စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။


ဟောပြောပွဲတွင် ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာန၊ ဒုတိယမီးသတ်ဦးစီးမှူး ဒေါ်အေးအေးမိုးက ကျောင်းသား/ ကျောင်းသူများအား မီးဘေးအန္တရာယ် အသိပညာပေးဟောပြောပြီး မီးဘေးလုံခြုံရေးပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးသည်။


ထိုနောက် ဒုတိယမီးသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား မီးဘေးကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ရေးနည်းစနစ်၊ ဓာတုဗေဒ ပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူးဖြင့် မီးသတ်ငြှိမ်းနည်း၊ မီးကာဝတ်စုံ ဝတ်ဆင်နည်းများကို လက်တွေ့သရုပ်ပြခဲ့ကြသည်။


အဆိုပါ စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြနည်းများကို ထားဝယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ထားဝယ်ခရိုင်(ပြန်/ဆက် )