နေပြည်တော် ၁၄ စက်တင်ဘာ
ဝါးကဏ္ဍဖြိုးတိုးတက်ရေး (Bamboo Learning and Exchange Platform) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ သစ်တောသုတေသနဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဝါးအလုပ်ရုံဆွေးနွေးပွဲသည် ဝါးသယံဇာတ၏ အရေးပါပုံကို ဆက်စပ်ပတ်သက်သူများ၊ ပြည်သူများ ပိုမိုသိမြင်နားလည်လာစေနိုင်ရန် ရည်ရွယ်ကျင်းပသည့် အတွက် မြန်မာနိုင်ငံ၏ ဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည့် ဆွေးနွေးပွဲ တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ ဝါးသယံဇာတအရင်းအမြစ်ကို လေ့လာကြည့်မည်ဆိုလျှင် ကမ္ဘာပေါ်တွင် ဝါးမျိုးစုပေါင်း(၇၅)မျိုး၊ ဝါးမျိုးစိတ်ပေါင်း(၁၂၅၀)ခန့် ပေါက်ရောက်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဝါးမျိုးစု(၂၁)မျိုးနှင့် ဝါးမျိုးစိတ်(၁၀၂)မျိုးခန့် ပေါက်ရောက်ကြောင်း၊ မြန်မာနိုင်ငံတွင် ဝါးမျိုးစိတ် (၁၀၂)မျိုးရှိသည့်အနက် အပြည်ပြည်ဆိုင်ရာ ဝါးနှင့်ကြိမ်ကွန်ယက်အဖွဲ့ (International Network for Bamboo and Rattan-INBAR)၏ စံချိန်စံညွှန်းများအရ စီးပွားရေးအရ အသုံးဝင် ဝါးမျိုးစိတ်(၁၈)မျိုးခန့်ရှိကြောင်း လေ့လာတွေ့ရှိရမည်ဖြစ်ကြောင်း။
ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ဝါးတောဧရိယာ တတိယအများဆုံးပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် စီးပွားဖြစ်ဝါးအဓိကထုတ်လုပ်နိုင်သည့် ဧရိယာများအဖြစ် ပဲခူးရိုးမ၊ ရခိုင်ရိုးမနှင့် တနင်္သာရီဒေသဆိုသည့် ဒေသကြီး ၃ နေရာသတ်မှတ်ထားပြီး ဝါးတောဧရိယာ စုစုပေါင်းဟက်တာ ၁,၇၈၃,၈၀ဝ ရှိပါကြောင်း၊ သစ်တောဦးစီးဌာန၏ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝါးထုတ်လုပ်မှုစာရင်းအရ နှစ်စဉ်ပျမ်းမျှ ဝါးတောထွက် ၆၃ ဒသမ ၂ သန်း ကျော်ရှိပါကြောင်း၊ ဝါးမျိုးစိတ်များသည် သစ်တောအမျိုးအစားများနှင့် သစ်တောအခြေအနေ ပြောင်းလဲမှု၏ အညွှန်းကိန်း Indicator တန်ဖိုးများဖြစ်ပါကြောင်း။
ဘက်စုံအသုံးဝင်သည့် သဘာဝသယံဇာတ တစ်မျိုးလည်းဖြစ်ပါကြောင်း၊ စားသုံးစရာ၊ လယ်ယာနှင့် အိမ်သုံးပစ္စည်းအမျိုးမျိုး၊ လူတို့နေထိုင်ရန် အဆောက်အဦ စက်မှုကုန်ကြမ်းအဖြစ် အသုံးဝင်သကဲ့သို့ ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်တွင်လည်း များစွာအထောက်အကူပြုသည်ကို တွေ့ရှိရပါကြောင်း၊ ဝါးပင်များ၏ အမြစ်အဖွဲ့အစည်းသည် ခိုင်ခံ့ကျစ်လစ်သည့်အတွက် မြေဆီလွှာတိုက်စားမှုနှင့် သဘာဝဘေး အန္တရာယ်များကိုလည်း အကာအကွယ်ပေးပါကြောင်း။
အထူးသဖြင့် မြန်မာနိုင်ငံတွင် ဝါးသယံဇာတသည် အလွန်ပေါများပြီး ကျေးလက်ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို အလွန်အထောက်အကူပြု လျက်ရှိပါကြောင်း၊ ယခုအခါ ဝါးအခြေခံအိမ်တွင်းမှုသုံး ခေတ်မီနည်းပညာများနှင့် ပေါင်းစပ်ပြီး အခြားတန်ဖိုးမြှင့် ဝါးထုတ်ကုန်ပစ္စည်းများထုတ်လုပ်၍ ပြည်တွင်းနှင့်ပြည်ပဈေးကွက်များရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း။
သစ်တောဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် အတွင်းဝါးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများပူးပေါင်းပါဝင်သည့် သဘာဝဝါးတောများ စီမံအုပ်ချုပ်ခြင်းလုပ်ငန်းကို ရှေ့ပြေး စီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဝါးတောများကို ထိန်းသိမ်းစီမံအုပ်ချုပ်ခြင်း လုပ်ငန်းသာမက ဝါးစိုက်ခင်းများတည်ထောင်ပြီး ဝါးစိုက်ခင်းများကို စနစ်တကျ စီမံအုပ်ချုပ်ခြင်းဖြင့်လည်း ဝါးသယံဇာတများ စဉ်ဆက်မပြတ်အသုံးချနိုင်မှုကို အထောက်အကူပြုစေမှာဖြစ်ပါကြောင်း၊ ဝါးမျိုးပျိုးထောင်ခြင်း၊ ဝါးစိုက်ခင်းတည်ထောင်ခြင်းနှင့် ဝါးစိုက်ခင်းစီမံအုပ်ချုပ်ခြင်း၊ ဈေးကွက်ဝင် ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးဆိုင်ရာ အသိပညာများ၊ အတတ်ပညာများ ပြန့်ပွားမျှဝေဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ သစ်တောဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသားများ၊ သုတေသီများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပြီး ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


